စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဂွေးတောက်ကုန်းအုပ်စု၊ တီလောင်ကျေးရွာထဲကို HPDF ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ တန်းကျောင်းသားတစ်ဦး သေဆုံးပြီး ၇ တန်းကျောင်းသားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီလောက်မှာ တီလောင်ကျေးရွာက ဦးဖိုးလှိုင်ရဲ့ နေအိမ်ပေါ်ကို HPDF တွေက ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် အိမ်မှာရှိနေတဲ့ ၅ တန်းကျောင်းသား စိုင်းခမ်းလှိုင် ကတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသား သန်းမြင့်လှိုင် ကတော့ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာကြောင့် ဟုမ္မလင်းမြို့ ကုတင် (၁၀၀) ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့ခံတစ်ဦးက “လက်နက်ကြီးထိလို့ ဒဏ်ရာပြင်းထန်တဲ့သူက ဆေးရုံမှာ Operation ဝင်နေတယ်။ B သွေးလိုလို့ သွေးတွေတော့ သွားစီစဉ်ပေးထားပြီးပြီ။ ဒဏ်ရာကတော့ အများကြီးပဲ။ ဆုံးသွားတဲ့ ကလေးကျတော့ ဟိုမှာပဲ ဒီနေ့ သင်္ဂြုဟ်မယ်ထင်တယ်” လို့ ပြောပါတယ်။