၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အခြားမြို့နယ်တွေ ထပ်မံထည့်သွင်းပေးဖို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) က နေပြည်တော်မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ NSCN-K/AM တို့ နေပြည်တော်မှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဉ် အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အခြားမြို့နယ်တွေ ထပ်မံထည့်သွင်းနိုင်ရေးနဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်မှာ တင်ပြဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထပ်မံထည့်သွင်းလိုတဲ့ မြို့နယ်တွေကို ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပေမယ့် အရင်က စစ်ကိုင်းတိုင်းအတွင်းရှိ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တို့ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ အဲဒီတောင်းဆိုမှုတွေအပေါ် ဒေသခံတွေက ကန့်ကွက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာတွေနဲ့ ကျေးရွာအုပ်စုတွေကို မြို့အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဦးစီးဌာနတွေရဲ့ သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အရင် NSCN-K အဖွဲ့ဟာ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုတွေ့ဆုံမှုမှာလည်း ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
NSCN-K/AM ဥက္ကဋ္ဌ အန်းမိုင်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ မိမိတို့အနေနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်ခွင့်ရတာဟာ သမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို NSCN-K/AM ဥက္ကဋ္ဌ အန်းမိုင်နဲ့အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဦးချင်းမောင်၊ ဦးမန်ခပ်၊ ဦး Y ခွန်းမောင်၊ ဦး K ပါပီနဲ့ ဦးလန်းညိုင်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။