စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တီလောင်ကျေးရွာမှာ ချင်းတွင်းမြစ်ရေ တိုက်စားတာကြောင့် မြစ်ကမ်းပါးတွေ ဆက်လက်ပြိုကျနေပြီး ကမ်းနီးနေအိမ်တွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း မြစ်ကမ်းပါးပြိုကျမှု ရပ်တန့်ခြင်းမရှိသေးဘဲ ဆက်လက်ပြိုကျနေတာကြောင့် ကမ်းပါးအနီးရှိ ပြိုကျမှုအန္တရာယ် ဖြစ်ပေါ်နိုင်တဲ့ နေအိမ်တွေကို ဖြုတ်သိမ်းပြီး အခြားနေရာတွေကို ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ တပ်ဖွဲ့ဝင်တွေဟာလည်း ဒေသခံပြည်သူတွေနဲ့အတူ တီလောင်ကျေးရွာရှိ မြစ်ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်နေတဲ့ ဒေသခံတွေအတွက် လိုအပ်တာတွေကို ဝိုင်းဝန်းကူညီပေးနေပြီး နေအိမ်တွေ ဖြုတ်သိမ်းရွှေ့ပြောင်းရာမှာလည်း ကူညီဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ နောက်ဆုံးပတ်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ချင်းတွင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်အချို့ ရွှေ့ပြောင်းရာမှာ အိမ်ဆောက်ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ လူအင်အား၊ ယာဉ်တွေနဲ့ အခြားအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။