သျှမ်းပြည်မြောက်ပိုင်းမှာ ခဲ၊ ငွေ၊ ကျောက်မီးသွေးနဲ့ ရွှေအပါအဝင် သယံဇာတ သတ္တုတွင်းထွက်ပေါင်း ၁၂ မျိုးထက်မနည်း ရှိပြီး သတ္တုတွင်းလုပ်ကွက် ၃၁ ခုထက်မနည်း ရှိတယ်လို့ ISP Myanmar က ဆန်းစစ်ချက် တစ်စောင် ထုတ်ပြန်ထားပါတယ်။
အဲဒီ သတ္တုတွင်း လုပ်ကွက်တွေအနက် လုပ်ကွက် ၁၀ ခုကို မြန်မာစစ်တပ်က ထိန်းချုပ်ထားပြီး ကျန် လုပ်ကွက် ၂၁ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေက အသီးသီး ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
EAOs တွေ ထိန်းချုပ်ထားတဲ့ လုပ်ကွက် ၂၁ ခုထဲက ၉ ခုကိုတော့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထိန်းချုပ်ထားပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က လုပ်ကွက် ၈ ခုကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
အလားတူ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က သတ္တုတွင်းလုပ်ကွက် ၃ ခုရှိပြီး ကျန်တစ်ခုကိုတော့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်ထားတယ်လို့ ISP Myanmar က ဆိုပါတယ်။
လုပ်ကွက် ၃၁ ခုထဲက မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ လုပ်ကွက် ၁၀ ခု (၃၂ ရာခိုင်နှုန်း) ထဲကနေ ကျောက်မီးသွေး၊ ထုံးကျောက်၊ ခဲ၊ ဂေါဒန်ကျောက်နဲ့ ငွေသတ္တုတွေကို တူးဖော်နေကြောင်း ဆိုပါတယ်။ အဲဒီ လုပ်ကွက်တွေဟာ တန့်ယန်း၊ နောင်ချို၊ သီပေါနဲ့ လားရှိုးမြို့နယ်တွေထဲမှာ ရှိပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ လုပ်ကွက် ၉ ခု (၂၉ ရာခိုင်နှုန်း) ကနေ ခဲ၊ ငွေ၊ ရွှေ၊ ဆီလီကွန်ကျောက်၊ စကျင်ကျောက်၊ သွပ်၊ ကြေးနီ၊ သလင်းကျောက်၊ ကျောက်မီးသွေးနဲ့ နဝရတ်ကျောက်တွေ ထွက်ရှိပါတယ်။ ဒီလုပ်ကွက်တွေကတော့ နမ္မတူ၊ ကျောက်မဲ၊ နမ့်ခမ်းနဲ့ မန်တုံမြို့နယ်တွေမှာ ရှိပါတယ်။
လုပ်ကွက် ၃၁ ခုထဲကနေ ၈ ခု (၂၆ ရာခိုင်နှုန်း) ကိုတော့ MNDAA က အပြည့်အဝထိန်းချုပ်ထားပြီး လုပ်ကွက်အများစုဟာ သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုမှာရှိကာ ကျောက်မီးသွေးလုပ်ကွက်တွေလို့ ISP Myanmar ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီနေရာတွေမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့တွေလည်း လှုပ်ရှားနေပြီး ၂၀၂၅ နှစ်ဆန်းပိုင်းက သတ္တုလုပ်ကွက် ထိန်းချုပ်ရေးနဲ့ ပတ်သက်၍ SSPP နဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။
ဒီသတ္တုလုပ်ကွက်က ထွက်ရှိတဲ့ ကျောက်မီးသွေးတွေကို MNDAA က သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းကြောင်းအတိုင်း သယ်ပြီး တရုတ်နိုင်ငံဘက်ကို တင်ပို့တယ်လို့ ဆိုပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နမ္မတူသတ္တုတွင်း
သျှမ်းမြောက်က သတ္တုလုပ်ကွက် ၃၁ ခုအနက် အရေးပါမှု အဆင့်မြင့်မားတဲ့ လုပ်ကွက်နှစ်ခုထဲက နမ္မတူသတ္တုတွင်းကို TNLA က ထိန်းချုပ်ထားပြီး မိုင်းမောသတ္တုတွင်းကို UWSA က ထိန်းချုပ်ထားပါတယ်။
မိုင်းမောသတ္တုတွင်းဟာ ကမ္ဘာ့သံဖြူထုတ်လုပ်တဲ့ အကြီးဆုံးသတ္တုတွင်းတွေထဲက တစ်ခုဖြစ်ပြီး နှစ်စဉ် ကမ္ဘာ့သံဖြူကုန်ကြမ်းထုတ်လုပ်မှုရဲ့ ၁၁ ရာခိုင်နှုန်းနီးပါးဟာ မြန်မာနိုင်ငံကနေ ထွက်ရှိတာလို့ ISP Myanmar က ဆိုပါတယ်။ ဒီအထဲက ပမာဏအများစုကို မိုင်းမောသတ္တုတွင်းက ထုတ်လုပ်နေတာလို့ ဆိုပါတယ်။
ဒါကြောင့် စီးပွားရေးအရ အရေးပါမှု၊ အိမ်နီးချင်း တရုတ်နိုင်ငံအတွက် အရေးပါတဲ့ အရင်းအမြစ်ဖြစ်မှုနဲ့ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်အတွက် အရေးပါမှု စတဲ့သုံးချက်စလုံးနဲ့ ကိုက်ညီတဲ့ သတ္တုတွင်းတွေကို UWSA နဲ့ TNLA က ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ နယ်စပ်ကုန်သွယ်ရေးဂိတ်၊ အခွန်ဂိတ်နဲ့ စစ်ဆေးရေးဂိတ် စတဲ့ ဂိတ်ပေါင်း ၄၀ ထက်မနည်းရှိနေပြီး မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းပေါ်မှာ ဂိတ်အများဆုံး ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီ ဂိတ်အလိုက်ထိန်းချုပ်မှုကို ကြည့်ပါက MNDAA နဲ့ မြန်မာစစ်တပ်က အများဆုံး ထိန်းချုပ်ထားတယ်လို့ ISP Myanmar ရဲ့ ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။