တော်လှန်ရေးမှာ စစ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထူးခြားကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော် ၂ ထောင်နီးပါးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နဲ့ တံဆိပ်တွေကို ချီးမြှင့်ခဲ့တယ်လို့ စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နဲ့ တံဆိပ် ချီးမြှင့်ခံရသူ စုစုပေါင်း ၁,၇၉၂ ဦး အထိ ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ၁,၄၄၂ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) မှ ၃၂၄ ဦးနဲ့ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေမှ ၂၆ ဦးတို့ ပါဝင်ပြီး ဘွဲ့၊ ဆု ၊တံဆိပ်ချီးမြှင့်ခံရသူများထဲမှာ စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ချီးမြှင့်မှု ၄၅ ဖွဲ့ပါဝင်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေး (၅) နှစ်တာ ကာလအတွင်း အသက်၊ ခန္ဓာ နဲ့ ကိုယ်ကျိုးစီးပွားတွေကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်တွေ ရဲဝံ့စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ချီးကျူးဂုဏ်ပြုတဲ့ အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချီးမြှင့်တာလို့ ဆိုပါတယ်။
ဒီအခမ်းအနားကို ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်မြောက်နေ့ဖြစ်သော ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၇) ရက် သမိုင်းဝင်နေ့မှာ အွန်လိုင်း နဲ့ မြေပြင် (၂)မျိုးပေါင်းစပ်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။