သျှမ်းပြည်မြောက်ပိုင်းမှာ မြန်မာစစ်တပ်အပါအဝင် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော် (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့က ကုန်သည်တွေနဲ့ ဒေသခံတွေဆီက အခွန်အခတွေကို အဆမတန်ကောက်ခံနေတယ်လို့ သိရပါတယ်။
ကုန်တင်ကားတစ်စီးကို သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတန်ဖိုးပေါ်မူတည်ပြီး ကျပ်သိန်း ၁၀၀ ကျော်ကနေ သိန်း ၁,၀၀၀ ကျော်အထိ ပေးဆောင်နေရတယ်လို့ သျှမ်းမြောက်ဒေသခံတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။
ဒါ့အပြင် သျှမ်းပြည်တောင်ပိုင်းကနေ သျှမ်းပြည်မြောက်ပိုင်းကို ကုန်တင်ပြေးဆွဲနေတဲ့ ကားတွေအနေနဲ့ ဖြတ်သန်းခတွေအပြင် နှစ်စဉ်ကြေးအဖြစ်လည်း ကျပ်သိန်းဆယ်ဂဏန်းအထိ ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေက အခွန်အခတွေကို တစ်နှစ်စာအတွက် အလုံးအရင်းနဲ့ ကောက်ခံနေတာကြောင့် ကုန်သည်တွေအတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အခွန်အခတွေကို လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံက နည်းမျိုးစုံနဲ့ ကောက်ခံနေပေမယ့် ဒေသဖွံ့ဖြိုးရေးအတွက် ထိရောက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးတာ မရှိဘူးလို့ ကွတ်ခိုင်ဒေသခံ ခွန်ချိုက ပြောပါတယ်။
“သီပေါတံတား သွားလို့လာလို့ရရင်တော့ မဆိုးပါဘူး။ ဒါပေမယ့် စီးပွားရေးလုပ်ကိုင်မယ့်သူတွေကျတော့ အခွန်ကောက်တဲ့သူတွေက များတာရော။ ကြားနေရတဲ့သတင်းတောင် ကားတစ်စီးစီးတောင် သိန်းထောင်ချီတယ်လို့ ကြားတာပဲ။ သူ့ဟာနဲ့သူ ပစ္စည်းပေါ်မှာ မူတည်ပြီးတော့ အခွန်တွေ ပေးရတာ။ ဒေသဖွံ့ဖြိုးရေးအတွက်ကတော့ မလုပ်တာ။ မတွေ့ရတာ မဟုတ်ဘူး ရှိကိုမရှိတာ။ ရှိုးပွဲလေးဘာလေးလုပ်၊ လောင်းကစားဝိုင်းတွေထောင်။ ဒါကို သူတို့က လုပ်ပေးတယ်လို့ တွက်နေတယ်နဲ့ တူပါတယ်။ ဖော်ရှိုးဟာလေးတွေတော့ လာလုပ်ကြတာပေါ့။ ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ရေရှည်ပလန် ဘာမှမရှိပါဘူး” လို့ ခွန်ချိုက ပြောပါတယ်။
လက်ရှိမှာ သျှမ်းမြောက်က မြို့နယ်တချို့က ကုန်ကားသမားတွေဟာ မန္တလေးမြို့ဘက်ကို ပုံမှန်သွားလာနိုင်ပေမယ့် မြန်မာစစ်တပ်က ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေကိုသာ သယ်ဆောင်ခွင့်ရနေတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်က ကြက်စာ၊ ဝက်စာ၊ နောက်ချေး (နွားချေး) နဲ့ ကုန်စုံပစ္စည်းတချို့ကိုသာ သယ်ဆောင်ခွင့်ပြုထားပြီး စစ်ဆေးရေးဂိတ်တိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းရာမှာ ကုန်ကားတစ်စီးကို လမ်းကြောင်းကြေးအဖြစ် ကျပ်သိန်း ၂၀ နီးပါး ပေးဆောင်နေရတယ်လို့ သိရပါတယ်။

သျှမ်းမြောက်ဘက်ကို တင်ပို့ဖို့ မြန်မာစစ်တပ်က ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေထဲမှာ ဆန်၊ ဆီ၊ ဆား၊ လျှပ်စစ်ပစ္စည်း၊ ကုန်မာပစ္စည်းနဲ့ ရေပိုက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီအပြင် သျှမ်းပြည်တောင်ပိုင်းကနေ သျှမ်းပြည်မြောက်ပိုင်းကို ကုန်တင်ပြေးဆွဲနေတဲ့ ကုန်ကားတွေအနေနဲ့ ဖြတ်သန်းခတွေအပြင် နှစ်စဉ်ကြေးအဖြစ် လက်နက်ကိုင်အဖွဲ့တွေကို ကျပ်သိန်း ၃၀ အထိ ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။
သျှမ်းပြည်မြောက်ပိုင်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ထိန်းချုပ်ထားတာကြောင့် သူတို့တောင်းခံတဲ့ ဂိတ်ကြေးတွေကို ဒေသခံတွေနဲ့ ကုန်သည်တွေက ပေးဆောင်နေရတယ်လို့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက ပြောပါတယ်။
“သူတို့က သူတို့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာဆိုတော့ သူတို့လက်နက်ကိုင်ထားတာလေ။ သူတို့ကောက်ချင်သလောက် ကောက်မှာပဲလေ။ အဲဒါကို များတယ်လို့ ကိုယ်က သွားပြောရင်လည်း သူတို့က လျှော့ပေးမှာ မဟုတ်ဘူး။ မင်းမကြိုက်ရင် မင်းမလာနဲ့ပေါ့။ အဲဒါက လက်နက်ကိုင်တွေရဲ့ လက်သုံးစကားပဲလေ။ အဲဒါကတော့ ကိုယ်က ဘာမှ မတတ်နိုင်ဘူး။ ဒါက နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ဒေသဆိုတော့ သျှမ်းမြောက်ကလူတွေကတော့ ဒီလက်နက်ကိုင်တွေ ပြုသမျှ နုနေရတဲ့သဘောပဲ။ ကြိုက်တော့ဘယ်ကြိုက်မလဲ။ ဘယ်သူမှ မကြိုက်ဘူး။ ခံပြင်းကြတာပေါ့” လို့ စိုင်းထွန်းလင်းက ပြောပါတယ်။
တစ်ဖက်မှာလည်း မြန်မာစစ်တပ်က တရားမဝင်ကုန်စည်တွေကို ဖမ်းဆီးတာကို အကြောင်းပြပြီး ငွေကြေးတောင်းခံမှုတွေ ရှိနေတဲ့အတွက် ပြည်တွင်းကုန်စည်စီးဆင်းမှု ထိခိုက်နေသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်မှာ နယ်စပ်ကုန်သွယ်ရေးဂိတ်၊ အခွန်ဂိတ်နဲ့ စစ်ဆေးရေးဂိတ် စုစုပေါင်း ၄၀ ထက်မနည်း ရှိနေတယ်လို့ ISP Myanmar က ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီဂိတ်တွေဟာ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အများဆုံးရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီဂိတ်တွေကို မြန်မာစစ်တပ်နဲ့ MNDAA တို့က အများဆုံးထိန်းချုပ်ထားပြီး လားရှိုးကနေ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ လမ်းပိုင်းမှာ MNDAA ရဲ့ ဂိတ်တွေရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
သျှမ်းမြောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ကုန်သည်တွေနဲ့ ဒေသခံတွေဆီက အခွန်အခတွေကို နည်းမျိုးစုံနဲ့ ကောက်ခံနေပေမယ့် ဒေသဖွံ့ဖြိုးရေးအတွက် ထိရောက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။