မြေအောက်နဲ့ မြေပေါ်ရှိ သဘာဝသယံဇာတတွေကို ပြည်ထောင်စုက ပိုင်ဆိုင်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ထားပြီး သယံဇာတထုတ်ယူသုံးစွဲမှုကို ဥပဒေအရ ကြီးကြပ်ရမယ်လို့ သတ်မှတ်ထားပေမယ့်လည်း လက်ရှိမှာတော့ တရားဥပဒေ စိုးမိုးမှုတွေက လျော့ရဲနေတယ်လို့ ထောက်ပြကြပါတယ်။
သယံဇာတ တူးဖော်တဲ့နေရာတွေမှာ အစိုးရရဲ့ တရားဥပဒေ စိုးမိုးမှုရှိတဲ့နေရာတွေ ရှိသလို တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးထားတဲ့ နေရာတွေလည်း အများအပြား ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အစိုးရရဲ့ တရားဥပဒေ စိုးမိုးမှုရှိတဲ့ နေရာတွေမှာတောင်မှ တရားမဝင် ခိုးတူးနေမှုတွေ၊ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေ၊ လုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီကပဲ တူးဖော်ခွင့် ရနေတာမျိုး၊ တချို့သော သတ္တုတွင်းတွေကတော့ အစိုးရ ပိတ်ထားတယ်လို့ ပြောနေပေမယ့် တာဝန်ရှိသူတွေက လာဘ်စားပြီး တူးဖော်ခွင့် ပေးထားတာမျိုးလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် အစိုးရကိုယ်တိုင်က လာဘ်စားပြီး ခိုးတူးမှုတွေကို ခွင့်ပြုထားတာကြောင့် တရားဥပဒေက လျော့ရဲနေတာဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ဖို့လိုတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က ပြောပါတယ်။
“အခုက သယံဇာတနဲ့ ပတ်သက်ရင် ပြောစရာက ၂ ပိုင်းရှိတာပေါ့။ နံပါတ်တစ်က သယံဇာတ တူးတဲ့နေရာတွေမှာ တရားဥပဒေ စိုးမိုးမှုက ဘယ်လောက်ရှိနေလဲ။ အစိုးရရဲ့ လက်တံ ဘယ်လောက်ရှိနေလဲဆိုတာ တစ်ပိုင်းပေါ့။ မရှိတဲ့နေရာကျတော့ ကျနော်တို့က သွားပြောဖို့က ခက်တာပေါ့။ အဲဒါက တစ်ပိုင်းပေါ့။ နောက်တစ်ခုက တရားဥပဒေ စိုးမိုးမှုရှိတဲ့နေရာတွေမှာရောဆိုတဲ့အခါကျတော့ ဘယ်လိုပေါ်လစီနဲ့ လုပ်နေလဲ။ ဘယ်လိုပုံစံတွေနဲ့ ဖော်ထုတ်နေလဲ။ ခက်တာက ကျနော်တို့ဆီမှာက ဒီနောက်ပိုင်းမှာ သယံဇာတ တူးဖော်ဖို့အတွက်ကိုက ခွင့်ပြုမိန့်တွေက ရှိမနေဘူး။ ဘယ်သူ့ကိုမှလည်း ပေးတဲ့ဟာမျိုး မတွေ့ဘူးပေါ့နော်။ ဦးပိုင်တို့၊ MEC တို့ကတော့ ရတာတော့ ရှိတယ်။ ကျန်တဲ့သူတွေက ယူချင်ရင်တောင် သူတို့ဆီမှာ တစ်ဆင့်ယူရတယ်ဆိုတဲ့ဟာမျိုး ကြားရတယ်။ အဲဒါကလည်း များများစားစား ရှိတာမဟုတ်ဘူး။ များသောအားဖြင့်က ပိတ်ထားတာ။ လုပ်ပိုင်ခွင့် ပိတ်ထားတယ်ဆိုတဲ့ဟာမျိုးတွေပေါ့။ သို့ပေမဲ့လည်း အောက်ခြေမှာကျတော့ ခိုးတူးတာပေါ့။ ဒေသအာဏာပိုင်တွေကိုလည်း တံစိုးလက်ဆောင်တွေ ပေးပြီးတော့မှ ခိုးတူးနေတယ်ဆိုတာမျိုးကလည်း ကျယ်ကျယ်လောင်လောင် ဖြစ်နေတာ။ ခိုးတူးနေတယ်ဆိုတဲ့ဟာကလည်း ဒါသည် ဘယ်လိုသွားပြီး တရားဥပဒေနဲ့ ကြပ်မတ်ကွပ်ကဲမလဲပေါ့” လို့ ပြောပါတယ်။
သတ္တုတရားမဝင် ခိုးတူးဖော်နေခြင်းဟာ ဥပဒေကြောင့် မဟုတ်ဘဲ ဥပဒေလျော့ရဲမှုကြောင့် ဖြစ်လာတဲ့ ပြဿနာဖြစ်တာကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက တရားဥပဒေ စိုးမိုးမှုရှိဖို့ လုပ်ဆောင်ရန် လိုအပ်တယ်လို့ ဦးထက်အောင်ကျော်က ဆက်ပြောပါတယ်။
ကချင်ပြည်နယ်မှာ မြေရှားနဲ့ ကျောက်စိမ်း၊ သျှမ်းပြည်နယ်မှာ မြေရှား၊ ရွှေ၊ သံဖြူနဲ့ ခနောက်စိမ်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကြေးနီနဲ့ ရွှေ၊ ကယားပြည်နယ်မှာ ရွှေနဲ့ ခနောက်စိမ်းကို တူးဖော်ပြီး ကရင်ပြည်နယ်မှာ ရွှေနဲ့ သံဖြူကို အဓိက တူးဖော်နေကြတယ်လို့ သိရပါတယ်။

မြေရှားလုပ်ကွက်တစ်ခုကို တွေ့ရစဉ် (Photo – MRHZ)
မြန်မာနိုင်ငံ သတ္တုတူးဖော်မှုရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုက တော်တော်ဆိုးလာနေပြီး အထူးသဖြင့် စည်းကမ်းမဲ့ တရားမဝင် တူးဖော်မှုတွေကြောင့် ပြဿနာက ပိုကြီးလာတယ်လို့ သိရပါတယ်။
သစ်တောပြုန်းတီးမှု၊ မြစ်ချောင်းနဲ့ မြေအောက်ရေ ညစ်ညမ်းမှု၊ လူတွေရဲ့ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်း ထိခိုက်မှု၊ နယ်စပ်ဖြတ်ကျော် ပြဿနာအထိ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံမြောက်ပိုင်းက သတ္တုတူးဖော်မှုကြောင့် အဆိပ်အတောက်ပါဝင်တဲ့ ရေစီးဆင်းမှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြစ်ဝှမ်းတွေအထိ ရောက်နိုင်တယ်လို့ လတ်တလော လေ့လာချက်တွေက သတိပေးထားပါတယ်။
ရေ၊ မြေ၊ ငါးနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ညစ်ညမ်းလာရင် ဒေသခံတွေရဲ့ သောက်သုံးရေနဲ့ အစားအစာလုံခြုံရေးကိုပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
သယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ကန့်ကွက်လို့လည်း မရတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ဝမ်းနည်းမိတယ်လို့ သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသခံ ခွန်ချိုက ပြောပါတယ်။
“စနစ်တကျ မလုပ်တဲ့အတွက် အရိုးသားဆုံး ပြောရရင်တော့ ကိုယ့်ဒေသကို ထိခိုက်စေတယ်။ ထိခိုက်စေတဲ့အတွက် လုံးဝ မလုပ်စေချင်ဘူး။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ သူတို့က လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့အတွက် ဒေသခံအဖွဲ့တွေမှာ သူတို့ကို ဘာမှ ဆိုးသည်ကောင်းသည် မပြောရဲဘူး။ အဲဒီအတွက် ကိုယ့်ကိုယ်ကို ဝမ်းနည်းမိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ သတ္တုတူးဖော်မှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက စိုးမိုးထားတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လုပ်ဆောင်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်မှု ရှိနိုင်မယ်လို့ သျှမ်းပြည်မြောက်ပိုင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
“အခုဟာက သတ္တုလုပ်ငန်းကိစ္စတွေ၊ တူးဖော်ရေးကိစ္စတွေမှာ၊ မြေရှားကိစ္စတွေ အားလုံးက ကျနော်တို့ ကြားသိတာတော့ လောလောဆယ် EAO တွေရဲ့ စိုးမိုးမှုရှိတဲ့ ဒေသတွေမှာပဲ ဖြစ်နေတာများတဲ့အတွက် ဒီကိစ္စကတော့ နိုင်ငံတော်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သေသေချာချာလေး နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆွေးနွေးညှိနှိုင်းပြီးမှ ဆောင်ရွက်ရင် ပိုပြီးတော့ ထိရောက်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
သတ္တုတူးဖော်ရေးမှာ သဘာဝပတ်ဝန်းကျင် အကာအကွယ်ကို သီးခြားစည်းမျဉ်းတွေနဲ့ သတ်မှတ်ထားပေမယ့်လည်း ရေ၊ မြေ၊ လေ၊ စွန့်ပစ်ပစ္စည်းတွေကို ထိန်းချုပ်မှု၊ ဒေသခံတွေရဲ့ အမြင်တွေ၊ ထိခိုက်နိုင်တဲ့ လူထုနဲ့ အဖွဲ့အစည်းတွေထံက အကြံပြုချက်တွေကိုလည်း အခုနောက်ပိုင်းမှာ ထည့်သွင်းစဉ်းစားပေးတာ မရှိတာကို တွေ့ရပါတယ်။
အထူးသဖြင့် ရွှေ၊ ကြေးနီနဲ့ မြေရှားတူးဖော်မှုတွေမှာ ရေထုညစ်ညမ်းမှု၊ အက်စစ်ထွက်ရေ၊ မြေပြိုမှုနဲ့ မြေတိုက်စားမှု၊ သစ်တောနဲ့ ဇီဝမျိုးစုံထိခိုက်မှုတွေကိုလည်း ဘယ်လိုကာကွယ်ရမယ်ဆိုတာကိုလည်း ထည့်ပြီး စဉ်းစားတာမျိုး မရှိပါဘူး။
ဒါ့ကြောင့် သတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘယ်ထိခိုက်မှုတွေကိုမဆို ထိရောက်တဲ့ တာဝန်ယူမှုတွေ ရှိရမှာဖြစ်သလို အစိုးရကိုယ်တိုင်ကလည်း လိုက်နာဖို့ လိုမယ်လို့ ထောက်ပြထားကြပါတယ်။
သျှမ်းပြည်မြောက်ပိုင်းမှာ သတ္တုတွင်းလုပ်ကွက် ၃၁ ခုထက်မနည်းရှိပြီး လုပ်ကွက် ၁၀ ခုကို မြန်မာစစ်တပ်က ထိန်းချုပ်ထားပြီး ကျန်လုပ်ကွက် ၂၁ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေက အသီးသီး ထိန်းချုပ်ထားတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။