Home » မြစ်ကြီးနားမှာ စစ်တပ်နဲ့ KIA က မြေတွေကို လက်ညှိုးထိုးပြီး တရုတ်ကို ရောင်းစားနေ

မြစ်ကြီးနားမှာ စစ်တပ်နဲ့ KIA က မြေတွေကို လက်ညှိုးထိုးပြီး တရုတ်ကို ရောင်းစားနေ

by Homeland Author

မြစ်ကြီးနားမြို့နယ်က မြစ်ဆုံဒေသအပါအဝင် ဆွန်ပရာဘွန်နဲ့ ပူတာအိုမြို့နယ်တွေမှာ ရွှေလုပ်ကွက်တွေအတွက် မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့က မြေတွေကို လက်ညှိုးထိုးပြီး ရောင်းစားနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မြစ်ကြီးနားက မြစ်ဆုံ ရွှေတူးဖော်မှုလုပ်ငန်းတွေကနေ စစ်တပ်နဲ့ KIA နှစ်ဖက်လုံးက အခွန်ကောက်ခံနေတာ ဖြစ်ပြီး အခွန်နှုန်းထား များတဲ့အတွက် ဒေသခံတွေဟာ ရွှေတူးဖော်မှု မလုပ်နိုင်ဘဲ စစ်တပ်၊ KIA တို့နဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ၊ တရုတ်တွေပဲ စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြတာ ဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံ ခွန်တူးက ပြောပါတယ်။

“အားလုံးကတော့ မြေရှိရင်တော့ ရွှေတူးတဲ့ဟာတွေချည်းပဲလေ။ တရုတ်တွေလည်း ဝင်နေတယ်။ အစိုးရက ဘယ်လိုလုပ်ထားလဲ မသိတော့ဘူး။ တာဝန်ကျနေတဲ့ တပ်က ပေါင်းပြီးတော့ သူလည်း အခွန်ကောက်၊ အဲဒီလိုပဲ လုပ်စားနေကြတာ။ KIA ကတော့ မြေတွေ လက်ညှိုးထိုးပြီး ရောင်းစားနေတယ်လို့တော့ ပြောတာပဲ လုပ်ကွက်တွေ။ နန့်ဆန်ယန်ဘက်မှာဆိုရင်လည်း တစ်ဧကကို သိန်း ၂၀၀၊ သိန်း ၃၀၀၊ တရုတ်တွေချည်းပဲ ဝင်လုပ်နေပြီလေ။ မြစ်ကြီးနားကျတော့ မြစ်ဆုံရဲ့အထက်ဆိုရင်တော့ မရှိတော့ဘူးလေ။ မြစ်ဆုံရဲ့ အထက်ဆိုရင်တော့ တာခဲရဲ့အထက်ဆိုရင် အစိုးရက လက်လှမ်းမမီတော့ဘူးလေ။ မြစ်ဆုံရဲ့ အထက်ဆိုရင် ဗွေထောင်တို့၊ ဝိုင်စီတို့ဆိုရင် ဟိုဘက်ကမ်းကူးလိုက်ရင် တြိဂံဆိုရင် KIA စိုးမိုးတဲ့နေရာ ဖြစ်သွားပြီလေ။ အခုက လုပ်နေတာတော့ ယန္တရားစက်အကြီးတွေပဲ များတယ်လေ။ ဘက်ဟိုးတွေဘာတွေနဲ့ပဲ များတယ်လေ။ ကျနော်တို့ အရင်တုန်းကလို တစ်လုံးထိုးက နည်းသွားပြီလေ။ တူးလည်း မတူးနိုင်ဘူးလေ၊ ပိုက်ဆံလည်း မပေးနိုင်ဘူး” လို့ ပြောပါတယ်။

အဲဒါအပြင် မြစ်ဆုံဒေသမှာ အသေးစား ရွှေတူးဖော်မှုတွေကို နိုဝင်ဘာလအထိပဲ တူးခွင့်ပေးတော့မှာဖြစ်ပြီး တရုတ်နဲ့ စစ်တပ်၊ KIA လုပ်ငန်းရှင်တွေရဲ့ အကြီးစား ရွှေတူးဖော်မှုတွေနဲ့ပဲ တူးဖော်ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြေခ၊ မလိခ ပေါင်းစုံရာဒေသ မြစ်ဆုံမှာ ရွှေတူးဖော်မှု (MD)

လက်ရှိမှာလည်း အသေးစား ရွှေတူးဖော်မှုတွေက လက်ရှိ စက်တင်ဘာလ ကတည်းကပဲ တဖြည်းဖြည်း ထွက်ခိုင်းနေတယ်လို့လည်း ပြောပါတယ်။
အဲဒါအပြင် အစိုးရ၊ ပြည်သူ့စစ်နဲ့ KIA တို့ ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ် အထက်ပိုင်း၊ ဆွန်ပရာဘွန်နဲ့ ပူတာအိုမြို့နယ်တွေမှာလည်း တရုတ်လုပ်ငန်းရှင်တွေက ရွှေတူးဖော်မှုတွေကို အကြီးအကျယ် လုပ်နေကြတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

“ဆွန်ပရာဘွန် အရှေ့ဘက်၊ အနောက်ဘက် တောထဲသွားရင် ကွင်းပြင်ကြီးတွေ ရှိတယ်။ လွင်ပြင်လိုမျိုးတွေ ရှိတယ်။ ချောင်းကြီးတွေရှိတယ်။ အဲဒီထဲမှာလည်း တရုတ်တွေ ယန္တရားတွေနဲ့ ဝင်နေပြီလေ။ ဝင်တယ်ဆိုတာက သူတို့ ဒီလမ်း မသွားဘူး။ တရုတ်ပြည်က ဘက်ဟိုးတွေက ဈေးသက်သာတော့ ဖြတ်ပြီးတော့ တံတား လုပ်ထားတယ်။ အဲဒီကနေ ကားနဲ့တိုက်ပြီး တရုတ်ပြည်ကို ပို့။ အစိုးရတောင် မသိဘူး။ အကုန်လုံး လုပ်နေတာ အကြီးအကျယ်ပဲလေ။ အဲဒါကျတော့ အစိုးရတွေလည်း လက်လှမ်းမမှီတော့ဘူးလေ။ KIA ပဲ စားနေတာပေါ့။ ကျင်းသား (ရွှေသတ္တုတူးဖော်ရေးလုပ်သား) တွေလည်း သွားလုပ်တယ်။ လုပ်ရင်တော့ ဝင်သွားရင် ဝင်လို့ရတယ်။ ကျင်းသားတွေလည်း အစုရှယ်ယာတွေ၊ လစာတွေနဲ့သော်လည်းကောင်း ရပြီးတော့ ပြန်မယ်ဆိုရင် KIA က စုဆောင်းရေး ဆွဲထားလိုက်ပြီလေ။ အပြန်ကျတော့ မရဘူး။ အဝင်ကျတော့ ရတယ်” လို့ ပြောပါတယ်။

မြစ်ဆုံမှာ အကြီးအကျယ် ရွှေတူးဖော်မှုကြောင့် နောက်ပိုင်းမှာ ဧရာဝတီမြစ်ရေက သိမ်ကောသွားမှာဖြစ်ပြီး ရေကြီးရေလျှံမှုတွေ ပိုပြီးတော့ ဖြစ်လာမှာ ဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံ ခွန်တူးက ဆက်ပြောပါတယ်။

မြေခ၊ မလိခ ပေါင်းစုံရာဒေသ မြစ်ဆုံမှာ ရွှေတူးဖော်မှု (MD)

“ပျက်စီးတာတော့ တောတောင်တွေ ပြုန်းလာမယ်။ နောက်ပြီးတော့ ရွှေလုပ်တဲ့အခါကျတော့ ရွှေဆိုတာက ကုန်းမြေမှာဆိုတော့ ရေမပါလို့ မရဘူးလေ။ ရွှေလုပ်တဲ့အလုပ်က ရေနဲ့လုပ်ရတဲ့ဟာ။ အဲဒီအတွက်ကြောင့် အပေါ်မှာရှိတဲ့ မြေတွေ၊ နုန်းတွေ၊ သဲတွေ အကုန်လုံးက ဧရာဝတီမြစ်ထဲပဲ စီးမှာပဲလေ။ ဘယ်ချောင်းမှာပဲလုပ်လုပ်၊ ဘယ်တောင်မှာပဲလုပ်လုပ်၊ နောက်ဆုံးမှာတော့ ဧရာဝတီမြစ်ထဲမှာပဲ နုန်းထိုင်လာမှာပဲ။ ဧရာဝတီမြစ် ကောလာဖို့ပဲ ရှိတာပေါ့။ ရေတိုးမယ်၊ ရေကြီးလာရင် ဧရာဝတီမြစ်က ကောသွားတဲ့အခါကျတော့ မိုးများမယ်၊ ရေတက်လာတဲ့အခါကျတော့ ခါတိုင်းထက် ရေနစ်တာ များလာမှာပေါ့” လို့ ပြောပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်က မြို့တွေအားလုံးမှာ ရွှေ၊ ကျောက်စိမ်း၊ မြေရှားနဲ့ တခြားသော သယံဇာတ တူးဖော်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို သယံဇာတ တူးဖော်မှုတွေကြောင့် ဒေသဟာ ဖွံ့ဖြိုးမှု မရှိဘဲ စစ်တပ် နဲ့ KIA တို့ကပဲ ကြီးပွားချမ်းသာနေကြပြီး ဒေသခံတွေဟာ သဘာဝဘေး၊ စစ်ဘေး စတဲ့ အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေကြရကြောင်း သယံဇာတကနေတစ်ဆင့် ရတဲ့ ဝင်ငွေကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်အဖွဲ့အစည်းကမှ အသုံးပြုတာ မတွေ့ရပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment