Home » အမေရိကန်က ခရိုနီတွေကို ပိတ်ဆို့မှုစာရင်းမှ ဆက်ပယ်ဖျက်နေမှု JFM ရှုတ်ချ

အမေရိကန်က ခရိုနီတွေကို ပိတ်ဆို့မှုစာရင်းမှ ဆက်ပယ်ဖျက်နေမှု JFM ရှုတ်ချ

by Homeland Author
ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်၊ သမီး သိမ့်ဝင်းထက်၊ သား ဝင်းပိုင်ကျော်တို့ကို ​တွေရစဥ်။

အမေရိကန်အစိုးရက မြန်မာခရိုနီတွေကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ ဆက်လက်ပယ်ဖျက်နေမှုအပေါ် Justice For Myanmar (JFM) က ရှုတ်ချလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကို အားပေးကူညီပြီး ၎င်းတို့မှ အကျိုးအမြတ်ရရှိနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီကွန်ရက်အားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လွှမ်းခြုံနိုင်ဖို့ မြန်မာစစ်တပ်နဲ့ စစ်ခရိုနီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီး တိုးချဲ့ချမှတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော်လည်း အမေရိကန်အစိုးရဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးချဲ့ချမှတ်၍ ပိုမိုတင်းကျပ်စွာ အကောင်အထည်ဖော်ရမယ့်အစား မြန်မာခရိုနီတွေကို ပိတ်ဆို့မှုစာရင်းမှ ဆက်လက်ပယ်ဖျက်ပေးနေပြီး အခုနောက်ဆုံးအနေဖြင့် သိမ့်ဝင်းထက်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးလိုက်တယ်လို့ JFM က ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ကို JFM က ရှုတ်ချကြောင်း၊ အရင် ၂၀၂၅ ခုနှစ် ဇူလိုင်လမှာလည်း မြန်မာခရိုနီတွေနဲ့ ၎င်းတို့ရဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက ပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ခဲ့ပြီးနောက် ထပ်မံထွက်ပေါ်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရအနေနဲ့ သိမ့်ဝင်းထက်ကို ပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ပေးလိုက်တဲ့ သိမ့်ဝင်းထက်ဟာ သတ္တုတူးဖော်ရေး၊ သစ်လုပ်ငန်းနဲ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး စတဲ့ကဏ္ဍတွေ အသီးသီးမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာစစ်တပ်ဆက်နွှယ် ခရိုနီလုပ်ငန်းစုကြီးဖြစ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုကို တည်ထောင်သူမိသားစုရဲ့ မိသားစုဝင်တစ်ဦး ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ Justice For Myanmar ဟာ သိမ့်ဝင်းထက်နဲ့ပတ်သက်၍ ပြင်သစ်နိုင်ငံပိုင်နက်အတွင်းရှိ သူမရဲ့ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ထားဖို့နဲ့ သူမကို ပြင်သစ်နိုင်ငံမှ ပြည်နှင်ဒဏ်ပေးဖယ်ရှားဖို့ ပြင်သစ်အာဏာပိုင်တွေထံ တိုင်ကြားတောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ဆိုတဲ့ သတင်းတွေအပေါ်လည်း JFM အလွန်စိုးရိမ်တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment