Home » နာဂအဖွဲ့ ဖမ်းသွားတဲ့ အပြစ်မဲ့ပြည်သူတွေကို ပြန်လွှတ်ဖို့ ရှမ်းနီပါတီ တောင်းဆို

နာဂအဖွဲ့ ဖမ်းသွားတဲ့ အပြစ်မဲ့ပြည်သူတွေကို ပြန်လွှတ်ဖို့ ရှမ်းနီပါတီ တောင်းဆို

by Homeland Author

အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO/ENDA) က စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်ထဲမှာ အဓမ္မဖမ်းဆီးသွားတဲ့ ရှမ်းနီလူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) က တောင်းဆိုလိုက်ပါတယ်။

ခန္တီးမြို့နယ်အတွင်းက မှန်ပင်၊ ကင်းတော်၊ ကောင်းမှု၊ အောက်ဖောင်ဆိုင်နဲ့ ကောင်းဟိန်း အစရှိတဲ့ ကျေးရွာတွေမှာ အေးချမ်းစွာနေထိုင်နေကြတဲ့ ဒေသခံတွေကို ENDA အဖွဲ့က ဇူလိုင် ၂၈ ရက်ကနေ ၃၁ ရက်အတွင်း မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီလို မတရားဖမ်းဆီးခံရသူတွေထဲမှာ အပြစ်မဲ့ ရှမ်းနီလူမျိုး ၂၂ ဦးအပါအဝင် ဒေသခံတိုင်းရင်းသား အများအပြား ပါဝင်သွားတယ်လို့ သိရပါတယ်။

ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) ဟာ ဒေသတွင်း တိုင်းရင်းသားပေါင်းစုံ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အစဉ်တစိုက် စောင့်ထိန်းလာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဒေသခံအရပ်သားပြည်သူတွေကို ဆန္ဒမပါဘဲ မတရားဖမ်းဆီးတာနဲ့ အဓမ္မတပ်သားသစ်စုဆောင်းတာတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အကြီးအကျယ် ထိခိုက်စေတယ်လို့ ပြောပါတယ်။

ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP)

အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးချုပ်နှောင်တာ၊ အဓမ္မစစ်သားစုဆောင်းတာနဲ့ ဓားစာခံပြုလုပ်တာတွေဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UNHR) ပါ အခြေခံလွတ်လပ်ခွင့်၊ လုံခြုံခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေအပြင် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) ပါ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေးဆိုင်ရာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို ပြင်းထန်စွာ ကျူးလွန်ဖောက်ဖျက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ လုံးဝညီညွတ်မှုမရှိဘဲ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေသခံရှမ်းနီ တိုင်းရင်းသားတွေအပါအဝင် ပြည်သူအားလုံးကို တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာမရစေဘဲ မူလနေရပ်တွေကို အမြန်ဆုံး မပျက်မကွက် ပြန်လည်လွှတ်ပေးဖို့ SSP က တောင်းဆိုထားပါတယ်။

ဒါ့အပြင် သမိုင်းအစဉ်အလာအရ မိမိတို့ရဲ့ ဌာနေဒေသအတွင်း နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လုံခြုံရေး၊ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို ထိပါးနှောင့်ယှက်တဲ့ ဘယ်လိုအဓမ္မပြုမူဆောင်ရွက်ချက်မျိုးကိုမှ လုံးဝလက်ခံမှာမဟုတ်ဘဲ၊ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အစွမ်းကုန် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

အလားတူပဲ ENDA အဓမ္မဖမ်းဆီးသွားတဲ့ ရှမ်းနီလူငယ်တွေကို ပြန်လွှတ်ပေးဖို့နဲ့ ရှမ်းနီဒေသဖြစ်တဲ့ ခန္တီးခရိုင်အတွင်း မတရားကျူးကျော်တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ နှိပ်စက်တာနဲ့ ဆက်ကြေးကောက်တာ စတဲ့ အကြမ်းဖက်လုပ်ရပ် မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ ထိရောက်တဲ့ တူညီသော လက်တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကလည်း သတိပေးထားပါတယ်။

ဒါ့အပြင် ခန္တီးမြို့နယ်အတွင်း အရှေ့နာဂအမျိုးသားအဖွဲ့အစည်းက အတင်းအဓမ္မဖမ်းဆီးသွားတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့ကလည်း ထုတ်ပြန်ချက် ထုတ်ထားပါတယ်။

အဆိုပါ ENNO/ENDA အဖွဲ့ဟာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က လက်နက်တပ်ဆင်ပေးထားပြီး လိုင်ဇာမှာ ဆက်ဆံရေးရုံးဖွင့်ထားသလို KIA နဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

related posts

Leave a Comment