Home » AA သိမ်းထားတဲ့ ဂွနဲ့ ကျိန္တလီမြို့ လေကြောင်းတိုက်ခိုက်ခံရ၍ ၈ ဦး သေဆုံး

AA သိမ်းထားတဲ့ ဂွနဲ့ ကျိန္တလီမြို့ လေကြောင်းတိုက်ခိုက်ခံရ၍ ၈ ဦး သေဆုံး

by Homeland Author

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက ဂွမြို့နဲ့ ကျိန္တလီမြို့တွေကို စစ်တပ်က ဩဂုတ် ၁၃ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည ၁၁ နာရီခွဲအချိန်ခန့်မှာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ ရပ်ကွက်တစ်ခုကို လေတပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဟာ ဗုံးသီး (၂) လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူ ၈ ဦး နေအိမ်ပေါ်မှာပဲ အစုလိုက် အပြုံလိုက် သေဆုံးသွားခဲ့ရပြီး နေအိမ် (၅) လုံးနဲ့ သုံးဘီးဆိုင်ကယ် (၁) စီး မှာလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

တခြားသော အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ရှိ/မရှိ ထပ်မံ စုံစမ်းလျက်ရှိတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကိုလည်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်မှာ စစ်တပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုမှာ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ်ပျက်စီးမှု တစ်စုံတစ်ရာ မရှိဘူးလို့ သိရပါတယ်။

တပ်ဘက်က နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်လာနေတာကြောင့် ရခိုင်ဒေသတစ်ခုလုံး လေကြောင်းရန်ကို “အချိန်ပြည့်” အထူး ဂရုစိုက်ကြဖို့ AA က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁ နာရီခန့်မှာလည်း သံတွဲခရိုင် ကျောက်ကြီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ လူ ၁၀ ဦး အထက် သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူမှာလည်း စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment