Home » စစ်သားစုဆောင်းခြင်းမှ ရပ်တန့်ဖို့ KIA ကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ပြော

စစ်သားစုဆောင်းခြင်းမှ ရပ်တန့်ဖို့ KIA ကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ပြော

by Homeland Author

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် အတင်းအဓမ္မလူသစ်စုခြင်း၊ ကျေးရွာတွေမှဆင်းခေါ်၍ စစ်သားစုဆောင်းခြင်းတွေကို ရပ်တန့်ပေးဖို့ မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဩဂုတ်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

KIA ဟာ ကချင်ပြည်နယ် အဓိကမြို့တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက (က) သုံးလုံး နယ်မြေဖြစ်တဲ့ ကသာ ၊ ကောလင်း၊ ကန့်ဘလူနဲ့ ထိစပ်နေတဲ့ အင်းတော်၊ ဗန်းမောက်နယ်မြေတွေအပြင် မြန်မာပြည် မြောက်ပိုင်းနယ်မြေ ဖြစ်တဲ့ တာမခံ၊ ဟောင်းပါး၊ တာလောကြီး၊ ဆင်ဘို၊ ရွှေညောင်ပင်၊ နမ့်ယား၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ဖားကန့် နဲ့ အင်းတော်ကြီးဒေသကို တိုက်ခိုက်လာတဲ့အတွက် ပြည်သူအများအပြား မြစ်ကြီးနား၊ မိုးညှင်း၊ မန္တလေးစစ်ရှောင်စခန်းသို့ ခိုလှုံနေထိုင်ကြရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလာတာဟာ တနှစ်ကျော်ရှိလာပြီး KIA တို့ဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ PDF တွေကို ဆင်းခေါ်၍လည်းကောင်း၊ ဒေသခံတိုင်းရင်းသား လူမျိုးစုတွေကို အတင်းအကြပ်ဖမ်းဆီး၍လည်းကောင်း၊ စစ်သားစုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် PDF အသွင်ဆောင်၍ ဗန်းမော်စစ်မြေပြင်သို့ စေလွှတ်တိုက်ပွဲဝင်ခိုင်းသဖြင့် သေကြေပျက်စီးပြီး အချို့မှာ မသန်စွမ်းဘဝသို့ရောက်ကာ လူသားအရင်းအမြစ်တွေ ဆုံးရှုံးစေခဲ့တယ်လို့ မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်လက်၍လည်း မြစ်ကြီးနားဒေသ၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီးဒေသရှိ တပ်စခန်းငယ်တွေကို မကြာခဏတိုက်ခိုက်တဲ့အပြင် ရှမ်းနီတိုင်းရင်းသားတွေနေထိုင်ရာသို့ လက်နက်ကြီး လက်နက်ငယ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်စေကြောင်း ဆိုပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှလည်း ကြိုတင်ညှိနှိုင်းမှုရယူခြင်းမရှိဘဲ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အဖွဲ့လိုက်ခေါ်ယူဆွေးနွေးလျက်ရှိသော်လည်း KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ဟာ လက်ကမ်းကြိုဆိုမှုကို ငြင်းပယ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KIA/ KPDF လုပ်ရပ်တွေဟာ မြို့ရွာပျက်စီးစေခြင်း၊ လူသားမျိုးနွယ်စုတွေ သေကြေပျက်စီးစေခြင်းနဲ့ အိုးမဲ့အိမ်မဲ့ သောကများစွာနဲ့ ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းပေးဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုတွေ နေထိုင်တဲ့ ဒေသခံရေရပ်အဝန်းအဝိုင်းမှ KIA/ KPDF တွေ ဆုတ်ခွာပေးဖို့၊ အတင်းအဓမ္မလူသစ်စုခြင်း၊ ကျေးရွာတွေမှ ဆင်းခေါ်၍ စစ်သားစုဆောင်းခြင်းတွေ ရပ်တန့်ပေးဖို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုလုံခြုံရေးကို နိုင်ငံတော်အစိုးရမှ စနစ်တကျစီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ပေးနိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ဟာ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ တာလောကြီး၊ ဆင်ဘို၊ လုံးခင်း၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီးတို့မှာ ဒေသခံလူငယ်တွေကို အဓမ္မတပ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment