သျှမ်းပြည် အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ် တာကော်ကျေးရွာအုပ်စုမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ စစ်တပ်တို့အကြား ဩဂုတ် ၂၂ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Tai Freedom က သတင်းထုတ်ပြန်ပါတယ်။
ခမရ (၃၁၄) မှ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား ၆၀ ခန့်ဟာ RCSS/SSA ထိန်းချုပ်ဒေသသို့ စစ်ကြောင်းဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဟာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ဘက်က ၆ ယောက် သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်တပ်ဘက် ပြန်ဆုတ်သွားချိန်မှာလည်း RCSS/SSA ရှိနိုင်တယ်လို့ သံသယရှိတဲ့နေရာတွေကို 60mm လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာလည်း RCSS/SSA နဲ့ စစ်တပ် ပူးပေါင်းအဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။
ဒါ့အပြင် ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း တက်ရောက်ဆွေးနွေးထားပြီး လက်ရှိမှာ RCSS/SSA နဲ့ စစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။