အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် PDF တပ်ရင်း၊ တပ်ဖွဲ့တွေ စတင်ဖွဲ့စည်းတဲ့အချိန်မှစတင်၍ တစ်ကြိမ်လျှင် ပျမ်းမျှအားဖြင့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၀.၉၆ သန်းခန့် ၃၈ ကြိမ်အထိ ထောက်ပံ့ပေးခဲ့တယ်လို့ ဩဂုတ် ၁၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံနှင့်တဝှမ်း ဖွဲ့စည်းထားရှိတဲ့ PDF တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း (၃၆၀) ကျော်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်မှ စတင်၍ တပ်ရင်း ထောက်ပံ့မှု တစ်ကြိမ်လျှင် ခန့်မှန်းအမေရိကန်ဒေါ်လာ (၁.၃) သန်းခန့်အထိ တိုးမြှင့် ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေး တပ်ရင်း၊ အဖွဲ့ များကိုလည်း (၃၆) ကြိမ်မြောက်မှ စတင်၍ တိုးချဲ့ ထောက်ပံ့လျက်ရှိတယ်လို့ သိရပါတယ်။
NUG အနေနဲ့ ယနေ့အချိန်အထိ သုံးစွဲခဲ့တဲ့ တပ်ရင်းထောက်ပံ့စရိတ်များ၏ (၈၅) ရာခိုင်နှုန်းကျော် ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း (၃၀) ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်ရဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေတွေမှ ထုတ်နှုတ်၍ သုံးစွဲခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) စတင်တဲ့ အချိန်မှ ယနေ့တိုင် ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ ပြတ်သားသော ယုံကြည်ချက်တို့ဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသူ တစ်ဦးချင်းစီကို အထူးဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ပြည်သူ့တော်လှန်ရေးဟာ အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်း အင်အားဖြင့်သာ မလွဲဧကန် အောင်ပွဲရရှိမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်နဲ့တကွ NUG ရဲ့ ဘဏ္ဍာငွေ ရှာဖွေရေး လုပ်ငန်းစဥ်တွေမှာ မိမိတို့ တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြပါဖို့ NUG က တိုက်တွန်းထားပါတယ်။