ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ရောက်ရှိနေတဲ့ ဦးမင်းအောင်လှိုင်ကို ရုရှားနိုင်ငံ (Plekhanov Russian University of Economics) စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို ပေးအပ်ခဲ့တယ်လို့ ဩဂုတ် ၁၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ကို G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်းအပေါ် ဘုတ်အဖွဲ့အနေဖြင့် တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ထောက်ခံခြင်းအားဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ပညာရေးကဏ္ဍ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။
ဦးမင်းအောင်လှိုင်က “အခုလို ရုရှားက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်ခြင်းဟာ မိမိတစ်ဦးတည်းကို ဂုဏ်ပြုခြင်းမျှသာမဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးကိုပါ ဂုဏ်ပြုခြင်းဖြစ်သည်ဟု မှတ်ယူကြောင်း” ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်းတို့အကြား ပညာရေး၊ သုတေသနနဲ့ အနာဂတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာမြောက်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားကြဖို့ တွန်းအားတစ်ရပ်လည်း ဖြစ်တယ်လို့ ပြောပါတယ်။
ဦးမင်းအောင်လှိုင်နဲ့ ဗလာဒီမာပူတင်တို့ တွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့သလို ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာ – ရုရှား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးဟာ အရှိန်အဟုန်ဖြင့် တိုးတက်နေကြောင်း၊ အခုလို ပူးပေါင်းဆောင်ရွက်မှုဟာ ပညာရေးပူးပေါင်းဆောင်ရွက်မှုမှာလည်း အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာနဲ့ ပညာရပ်ဆိုင်ရာ ထင်ရှားတဲ့ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ခဲ့ရုံမျှမက ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်ကြီးဖြစ်ရာ အခုလို မိမိအနေဖြင့် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၇ ရက်က ရောက်ရှိနေပြီး သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံဆွေးနွေးထားပါတယ်။


