Home » UWSA ဒေသရှိ ခရစ်ယာန်ဘုရားကျောင်းအားလုံးနီးပါး ယာယီပိတ်သိမ်း

UWSA ဒေသရှိ ခရစ်ယာန်ဘုရားကျောင်းအားလုံးနီးပါး ယာယီပိတ်သိမ်း

by Homeland Author

“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက် နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသက ခရစ်ယာန်ဘုရားကျောင်း အားလုံးနီးပါးကို UWSA က ယာယီပိတ်သိမ်းလိုက်တယ်လို့ WNL ရဲ့သတင်းဖော်ပြချက်အရ သိရပါတယ်။

ဘုရားကျောင်းတွေကို ယာယီပိတ်သိမ်းလိုက်တာဟာ လတ်တလော နာမည်ကြီးလာတဲ့ ခရစ်ယာန်အမည်ခံ တရုတ်ဂိုဏ်းတစ်ခုဖြစ်တဲ့ ဒေသအခေါ် “ယေရှုတရုတ်မ” အဖွဲ့တွေ ဝင်ရောက်လှုပ်ရှားလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပန်ဆန်းမြို့မှာ ခရစ်ယာန်အသင်းတော် ၂၀ ကျော်ရှိပြီး အဲဒီအသင်းတော်တွေကို အားလုံးနီးပါး ယာယီပိတ်သိမ်းထားတာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ ပြီးဆုံးသွားရင် ဘုရားကျောင်းတွေကို ပြန်လည်ဖွင့်ပေးမယ်လို့ သိရပါတယ်။

နားဝီးမြို့မှာလည်း ရှိသမျှ ခရစ်ယာန်အသင်းတော် ၇ ခုလုံးကို ယာယီပိတ်သိမ်းထားပြီး “ယေရှုတရုတ်မ” အဖွဲ့ကို ယုံကြည်သူ အမျိုးသမီးတစ်ဦးနဲ့ ဓမ္မအမှုတော်ဆောင် ဆရာတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အဆိုပါအဖွဲ့နဲ့ ဆက်နွယ်သူတွေကို လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ဒေသခံတွေ အများအပြားပါဝင်ကြောင်း၊ တရုတ်နိုင်ငံသားတစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပြီး အဓိကတာဝန်ရှိသူတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ၁၇၁ စစ်ဒေသ၊ တာချီလိတ်အစပ်ဘက်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကိုလည်း ယာယီပိတ်သိမ်းထားတယ်လို့ သိရပါတယ်။

ဟိုပန်မြို့ သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးကတော့ “ဝ” ဒေသမှာ ဘာသာရေးလွတ်လပ်ခွင့်တွေ အပြည့်အဝပေးထားပေမယ့် ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရေးအခြေအနေကို ကမောက်ကမဖြစ်စေနိုင်တဲ့ အဖွဲ့တွေကို ခွင့်မပြုဘူးလို့ ပြောထားပါတယ်။

“ဝ” တပ် UWSA ထိန်းချုပ်နယ်မြေမှာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ဝန်းကျင်ကလည်း ခရစ်ယာန်ဘုရားကျောင်းတွေ ပိတ်သိမ်းတာ၊ ဘာသာရေးကိုးကွယ်ခွင့်တွေ တားမြစ်တာ၊ ခရစ်ယာန်ဓမ္မဆရာတွေကို ဖမ်းဆီးထောင်ချတာနဲ့ အရေးယူတာတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

related posts

Leave a Comment