Home » ဦးမင်းအောင်လှိုင်နဲ့ UWSP တွေ့ဆုံပြီး “ဝ”ဒေသ တိုးတက်ရေး ဆွေးနွေး

ဦးမင်းအောင်လှိုင်နဲ့ UWSP တွေ့ဆုံပြီး “ဝ”ဒေသ တိုးတက်ရေး ဆွေးနွေး

by Homeland Author

နေပြည်တော်ကို ရောက်ရှိနေတဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဟာ ဒီနေ့မနက်ပိုင်းမှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး “ဝ”ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

UWSP အနေနဲ့ အခုလို လာရောက်တွေ့ဆုံခဲ့တာဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်းနဲ့ ၁၉၈၉ ခုနှစ်မှာ တပ်မတော်နဲ့ “ဝ”အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခဲ့တဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အနေနဲ့ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်ရာမှာ ထာဝရငြိမ်းချမ်းရေး ရရှိဖို့ လိုအပ်တဲ့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၀(စ) နဲ့အညီ ဦးတည်လျှောက်လှမ်းပြီး ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

UWSP အနေနဲ့ နိုင်ငံတော်ကို မိဘကဲ့သို့ သဘောထားပြီး မိဘဖြစ်တဲ့ နိုင်ငံတော်ရဲ့ စောင့်ရှောက်မှုအောက်မှာ မိမိတို့ သားသမီးတွေက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေတဲ့ ခံယူချက်နဲ့ လုပ်ဆောင်နေမှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် “ဝ”ဒေသအတွင်း ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ဆရာ၊ ဆရာမတွေနဲ့ အခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးကဏ္ဍ တိုးတက်ရေးအတွက် ဆေးရုံတွေကို အဆင့်မြှင့်တင်ခြင်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြည့်ဆည်းပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာစေရေး စတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

related posts

Leave a Comment