Home » ဟုမ္မလင်းမှာ HPDF ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ၅ တန်းကျောင်းသားတစ်ဦး သေဆုံး

ဟုမ္မလင်းမှာ HPDF ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ၅ တန်းကျောင်းသားတစ်ဦး သေဆုံး

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တီလောင်ကျေးရွာထဲကို HPDF ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ တန်းကျောင်းသားတစ်ဦး သေဆုံးပြီး ၇ တန်းကျောင်းသားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီလောက်မှာ တီလောင်ကျေးရွာက ဦးဖိုးလှိုင်ရဲ့ နေအိမ်ပေါ်ကို HPDF တွေက ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် အိမ်မှာရှိနေတဲ့ ၅ တန်းကျောင်းသား စိုင်းခမ်းလှိုင် ကတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသား သန်းမြင့်လှိုင် ကတော့ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာကြောင့် ဟုမ္မလင်းမြို့ ကုတင် (၁၀၀) ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့ခံတစ်ဦးက “လက်နက်ကြီးထိလို့ ဒဏ်ရာပြင်းထန်တဲ့သူက ဆေးရုံမှာ Operation ဝင်နေတယ်။ B သွေးလိုလို့ သွေးတွေတော့ သွားစီစဉ်ပေးထားပြီးပြီ။ ဒဏ်ရာကတော့ အများကြီးပဲ။ ဆုံးသွားတဲ့ ကလေးကျတော့ ဟိုမှာပဲ ဒီနေ့ သင်္ဂြုဟ်မယ်ထင်တယ်” လို့ ပြောပါတယ်။

တီလောင်ကျေးရွာရဲ့ အနီးဝန်းကျင်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ HPDF ပူးပေါင်းအဖွဲ့တွေတို့ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်းက တိုက်ပွဲတွေ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ အခု ဗုံးကြဲခံရတဲ့ တီလောင်ကျေးရွာအတွင်းမှာ SNA တပ်စခန်းတွေ မရှိသလို တိုက်ပွဲလည်း ဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တီလောင်ကျေးရွာကို SNA က ထိန်းချုပ်ထားပြီး ချင်းတွင်းမြစ် တစ်ဖက်ကမ်းက ရွှေပြည်အေးကိုတော့ HPDF ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

related posts

Leave a Comment