သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းက လမ်းပိုင်းနှစ်ခုကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ယာယီ ပိတ်ပင်လိုက်တယ်လို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့ကစပြီး စစ်တပ်နဲ့ KIA၊ လက်အောက်ခံ KPDF ပူးပေါင်းအဖွဲ့တို့ မိုးမိတ်မြို့နယ် ညောင်နီကျေးရွာ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မိုးမိတ်မြို့နယ်အတွင်းက မန်တုံ – မိုးမိတ်လမ်း နဲ့ မိုးမိတ် – မြစ်ဆုံလမ်းကို ဩဂုတ် ၁၅ ရက်နေ့မှစပြီး ယာယီပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ အဆိုပါ လမ်းပိုင်းတွေကို အရေးတကြီး ဖြတ်သန်းသွားလာလိုပါက KIA အဖွဲ့ထံ အကျိုးအကြောင်း တင်ပြပြီး၊ KIA က ခွင့်ပြုချက်ရမှသာ သွားလာခွင့်ပြုမယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ကြေညာတဲ့နေ့မှစ၍ လိုက်နာခြင်း မရှိဘဲ ဖြတ်သန်းသွားလာပါက ဖြစ်လာတဲ့ ပြဿနာကိစ္စတွေကို KIA အဖွဲ့က လုံးဝ တာဝန်ယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အလားတူ ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး – ရွှေကူလမ်းမကြီးအားလုံးကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်လိုက်တယ်လို့ KIA က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ရွှေကူမြို့အတွင်းရှိ ပြည်သူတွေအားလုံး ရွှေကူမြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ကြဖို့ နဲ့ ထွက်ခွာတိမ်းရှောင်ခြင်း မရှိဘဲ မြို့အတွင်းသာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို လုံးဝတာဝန်ယူမှာ မဟုတ်ကြောင်း KIA က ပြောပါတယ်။
လက်ရှိမှာလည်း KIA ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်တို့မှာ တိုက်ပွဲတွေ ဖော်ဆောင်လျက်ရှိနေပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်စီးမှု၊ ဒေသခံပြည်သူတို့ ဘေးကင်းရာတိမ်းရှောင်ရမှုတွေ ဖြစ်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။