သျှမ်းပြည် မိုင်းတုံမြို့နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ လွယ်ချီလိတ်တောင်ပတ်ဝန်းကျင်မှ အဖြိုက်နက်သတ္တုသိုက်တွေကို တရုတ်နဲ့ ရုရှားတို့က အပြိုင်အဆိုင် ရယူဖို့ ကြိုးပမ်းနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မေလ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
လွယ်ချီလိတ်တောင်တန်းရဲ့ တောင်ဘက်မှာ တရုတ်ကုမ္ပဏီတစ်ခုဟာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ပူးပေါင်းပြီး အကြီးစားအဖြိုက်နက်သတ္တုတွင်းတစ်ခုကို မကြာသေးမီက စတင်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ရုရှား ကုမ္ပဏီတစ်ခုဟာလည်း စစ်တပ် နဲ့ ပူးပေါင်း၍ ထိုင်းနယ်စပ်မှ ၂၀ ကီလိုမီတာခန့်အကွာတွင်ရှိတဲ့ လွယ်ချီလိတ်တောင်ရဲ့ မြောက်ဘက်တောင်စောင်းတွေမှာ အဖြိုက်နက်သတ္တု တူးဖော်ရေးလုပ်ငန်းတွေကို စတင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
လွယ်ချီလိတ်တောင် (Loi Khi Lek) ဟာ မိုင်းတုံမြို့နယ်မှာ အမြင့်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁,၉၇၀ မီတာ ရှိပါတယ်။ ရှမ်းဘာသာစကားဖြင့် “ချီလိတ်” (Khi Lek) ဆိုသည်မှာ “သတ္တုချေး ” ဟု အဓိပ္ပာယ်ရပါတယ်။