မိမိတို့အနေနဲ့ အရင်က ပညာသင်ကြားရေး အားနည်းခဲ့တာကြောင့် အခုလို နောက်ကျကျန်ရစ်ပြီး အခက်အခဲတွေ ကြုံတွေ့ရခဲ့တယ်လို့ တအာင်းတပ် (TNLA) မှ ဗိုလ်မှူးကြီး တားပါင်လက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၀ ရက် နမ့်ဆန်မြို့နယ်မှာ Ta’angland English Center (TEC) မှ ဖွင့်လှစ်တဲ့ Diploma in English Program (Batch-1) ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီး တားပါင်လက “အရင်က ကျနော်တို့ဟာ ပညာသင်ကြားရေး အားနည်းခဲ့တာကြောင့် အခုလို နောက်ကျကျန်ရစ်ပြီး အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် အခုအခါ အင်္ဂလိပ်ကျောင်းကို ဆက်လက်ဖွင့်လှစ်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
အဆိုပါ ကျောင်းပြီးမြောက်အောင်မြင်သွားပါက တအာင်းဒေသရှိ ဌာနဆိုင်ရာတွေမှာ တာဝန်ထမ်းဆောင်ကြမှာဖြစ်သလို ပြည်ပနိုင်ငံတွေမှာ အဆင့်မြင့်ပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့အတွက်လည်း စေလွှတ်ပေးသွားမယ်လို့ ပြောပါတယ်။
အဆိုပါ Diploma in English Program ကို Semester (၃) ခုဖြင့် ဖွင့်လှစ်သွားမှာဖြစ်ပြီး စုစုပေါင်း သင်တန်းကာလ (၁၈) လ ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းမှာ CEFR (Common European Framework of Reference for Languages) စံနှုန်းအရ A1 အဆင့်မှ B2 အဆင့်အထိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး Curriculum၊ Credit Unit၊ Assessment နဲ့ Extracurricular Activities တွေကိုလည်း စနစ်တကျ ထည့်သွင်းသင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းသို့ တက်ရောက်တဲ့ ကျောင်းသား/သူတွေရဲ့ ပညာအရည်အချင်း သတ်မှတ်ချက်အနေဖြင့် ပညာရေးစနစ်ဟောင်းအရ အခြေခံပညာ အထက်တန်း (၁၀) တန်း တက်ရောက်ပြီးသူ (သို့မဟုတ်) အောင်မြင်ပြီးသူတွေ နဲ့ ပညာရေးစနစ်သစ်အရ Grade (၁၂) တက်ရောက်ပြီးသူ (သို့မဟုတ်) အောင်မြင်ပြီးသူများကို ရွေးချယ်လက်ခံထားတယ်လို့ ဆိုပါတယ်။
အဲဒီ Diploma in English Program (Batch-1) မှာ ကျောင်းသူ (၂၁) ဦးနဲ့ ကျောင်းသား (၁၄) ဦး စုစုပေါင်း (၃၅) ဦး တက်ရောက်သင်ကြားသွားမယ်လို့ သိရပါတယ်။
Ta’angland English Center (TEC) မှ ဖွင့်လှစ်တဲ့ Diploma in English Program ဟာ တအာင်းလူငယ်တွေရဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည် မြှင့်တင်ပေးနိုင်ဖို့၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေဖို့၊ ခေတ်မီပညာရပ်တွေ နဲ့ နိုင်ငံတကာဗဟုသုတတွေကို လေ့လာသင်ယူနိုင်စေဖို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်တဲ့ လူငယ်တွေ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာလို့ ဆိုပါတယ်။


