Home » SNA နဲ့ ရှမ်းနီကို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးအဆင့်အတန်း ပေးရမယ်

SNA နဲ့ ရှမ်းနီကို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးအဆင့်အတန်း ပေးရမယ်

by Homeland Author

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးကြသည်။

တခြား တစ်ဖက်မှာလည်း သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး၊ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံ ထိစပ်နယ်မြေ တစ်လျှောက်တွင် KIA-AA-CNF ဦးဆောင်သည့် လက်နက်ကိုင် အဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား လည်းကောင်း၊ KIA ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့များနှင့် SNA ကြား လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ဒေသတွင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်ကျော်ကို Homeland News Agency က ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ ပထမဆုံး ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ ဆွေးနွေးခဲ့တာ တွေ့ရတယ်။ ဒါက နည်းနည်း ထူးခြားနေသလား၊ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ NSPNC ကနေ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အစိုးရသစ် လက်ထက်မှာ စတင်တဲ့အခါမှာ ပထမဆုံး ဆွေးနွေးတဲ့အဖွဲ့က ရှမ်းနီတပ်ဖွဲ့ SNA ဖြစ်နေတာက နည်းနည်း ထူးခြားတယ်။ ဘာကြောင့်ဆို SNA ကို NSPNC က ခေါ်တွေ့တော့ EAO အနေနဲ့ အစိုးရက သတ်မှတ်လိုက်တာလား၊ တရားဝင် အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ပေးလိုက်တာလား မေးစရာရှိလာတယ်။

အရင်က SNA ကို စစ်တပ်က ပြည်သူ့စစ်လုပ်ပါ သို့မဟုတ် BGF လုပ်ပါဆိုတဲ့ သဘောထားကိုပဲ ပေးတယ်လို့ ကျနော်တို့ ကြားဖူးတယ်လေ။ အခုကျတော့ NSPNC က SNA ကို တရားဝင် ဖိတ်ခေါ်ပြီး နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်။ ပြီးတော့ အစိုးရကပဲ တရားဝင် သတင်းထုတ်ပြန် အသိပေးခဲ့တယ်။ ဆိုတော့ NSPNC ရဲ့ လုပ်ထုံး လုပ်နည်းတွေက ပြည်သူ့စစ် သို့မဟုတ် BGF ကို ဆွေးနွေးလေ့မရှိဘူး။ ဆွေးနွေးစရာလည်း မလိုဘူး။ NSPNC ရဲ့ တာဝန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း- EAO တွေကိုပဲ ခေါ်ယူဆွေးနွေးတာ ဖြစ်တယ်။ ဒါကြောင့် SNA ကို EAO အဆင့်အတန်း အစိုးရက အသိအမှတ်ပြု ပေးလိုက်တယ်လို့ မှတ်ယူမယ်ဆိုလည်း ရတဲ့ အနေအထား ဖြစ်သွားတယ်။

နောက်တစ်ချက် ကျနော်တို့ SNA ကို တရားဝင် ဖိတ်ခေါ် ဆွေးနွေးပြီးတော့ တရားဝင် ထုတ်ပြန်လာတဲ့အပေါ် လေ့လာသုံးသပ်ကြည့်ရင် အစိုးရသစ်နဲ့ စစ်တပ်က မဟာဗျူဟာတွေ အများကြီး ပါလိမ့်မယ်။ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ ဒီစဉ်းစားချက်တွေလည်း ပါလိမ့်မယ်။

အဲဒါကတော့ အထူးသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို တန်ပြန်ချိန်ခွင်လျှာညှိချင်တဲ့ အခြေအနေ ဖြစ်တယ်။ နောက်တစ်ခုက အိန္ဒိယခရီးစဉ်ကနေ ဖြစ်ထွန်းလာမှုတွေလည်း ပါလိမ့်မယ်။

KIA က မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဒေသ လွတ်မြောက်ရေး စစ်ပွဲကို ဆင်နွှဲနေတာဖြစ်တော့ စစ်ကိုင်းတိုင်းက KIA အတွက် အင်မတန်အရေးပါတဲ့ စစ်ရေး-နိုင်ငံရေး- ကုန်သွယ်ရေး- စီးပွားရေး အရင်းအမြစ်ကြီးဖြစ်နေတယ်။ ဒီ တော့ စစ်ကိုင်းတိုင်းကို KIA က ထိန်းချုပ်နိုင်ခဲ့ရင် ကချင်-စစ်ကိုင်း-ချင်း-ရခိုင် ဆက်စပ်ဒေသတွေကို ချိတ်ဆက်ပြီး တော့ ကုန်းတွင်းပိတ်ကနေ ပင်လယ်ထွက်ပေါက် ရှိသော လွတ်မြောက်ဒေသတွေဖြစ်သွားမယ်။

KIA/PDF လက်နက်ကိုင်တပ်ဖွဲ့များ

ဒီလိုအနေအထား ဖြစ်သွားပြီးဆိုရင် KIA ကို ဘယ်သူက ထိန်းနိုင်တော့မလဲ၊ မြန်မာအစိုးရလည်း မထိန်းနိုင်တော့ သလို မြန်မာစစ်တပ်လည်း ထိန်းနိုင်တော့မှာမဟုတ်ဘူး။ ဒါကြောင့် စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ထဲမှာ အင်အား အတော်အသင့်ရှိတဲ့ ရှမ်းနီ SNA ကို စစ်တပ်နဲ့အစိုးရက မဟာဗျူဟာမြောက် ချဉ်းကပ်ပြီးတော့ KIA ကို တန်ပြန် ထိန်းချုပ်မယ့် စဉ်းစားချက်ထဲမှာ ထည့်လာတာဖြစ်နိုင်တယ်။

အထူးသဖြင့် KIA ဘက်ကို SNA ရောက်မသွားဖို့ အရေးကြီးတယ်။ တနည်းအားဖြင့် KIA နဲ့ SNA မဟာမိတ်ဖြစ်သွား လို့မရဘူးဆိုတဲ့ အခြေခံအပေါ် အစိုးရနဲ့စစ်တပ်က စဉ်းစားလိမ့်မယ်။ အဲဒါဆိုရင် စစ်တပ်နဲ့အစိုးရက SNA က ဘယ်လိုမျိုးနဲ့ KIA ဘက်ကို ပါမသွားအောင် အပေးအယူလုပ်မလဲ။ အပေးအယူ လုပ်တဲ့အခါမှာလည်း အစိုးရနဲ့ စစ်တပ်က SNA ကို အနည်းဆုံး အခြေအနေကနေပဲ ပေးနိုင်ဖို့အတွက် ချဉ်းကပ်နိုင်တယ်။

ဒီလိုပဲ KIA ကလည်း SNA ကို ချဉ်းကပ်လိမ့်မယ်။ အဲလိုချဉ်းကပ်တဲ့အခါမှာလည်း KIA က ဘယ်လိုအပေးအယူ လုပ်မလဲ။ ဆိုတော့ SNA က ပါးနပ်တယ်ဆိုရင် စစ်တပ်-အစိုးရနဲ့ KIA ကြား အားပြိုင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍ ကိုရောက်သွားနိုင်သလို ဈေးပိုပေးနိုင်တဲ့လူဘက်ကို သွားဖို့အတွက်လည်း ရွေးချယ်ခွင့်ရှိလာနိုင်တယ်။ အကယ်၍ SNA က ပါးနပ်မှုမရှိဘူး ကိုယ့်‌ဒေသတွင်း နိုင်ငံရေး-စစ်ရေး အခြေအနေ အပြင် KIA နဲ့ စစ်တပ်ကြား အားပြိုင်မှုကို သေသေချာချာ မသုံးသပ်နိုင်ဘူးဆိုရင် အရေးပါတဲ့ အခန်းကဏ္ဍကနေ ဘယ်လောက်မှ အခွင့်အရေး မရှိတဲ့ အပေး အယူကိုပဲ လက်ခံလိုက်ရမယ့် အနေအထားဖြစ်သွားနိုင်တယ်။

ဒါတွေကတော့ ကျနော့်ရဲ့ တစ်ဦးတည်း စဉ်းစားချက်နဲ့ ဒေသတွင်း အခြေအနေတွေကို ချဉ်းကပ်ကြည့်တဲ့အခါမှာ မြင်တွေ့ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် NSPNC နဲ့ SNA ဆွေးနွေးမှုက အင်မတန် ထူးခြားမှုဖြစ်နိုင် တယ်လို့ ယူဆခြင်းဖြစ်ပါတယ်။

မေး ။ ။ ဒါဆို KIA ရဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဒေသ လွတ်မြောက်ရေး ရည်မှန်းချက် အောင်မြင်ခြင်း မအောင်မြင်ခြင်းက SNA နဲ့ တစ်စုံတစ်ရာ ဆက်စပ်မှု ရှိတယ်လို့ ယူဆလို့ ရသလား။

ဖြေ ။ ။ ဒါကတော့ လက်တွေ့ အခြေအနေတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ KIA က မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဒေသ လွတ်မြောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ အဲဒီ အနောက် မြောက်ဒေသ တစ်လျှောက်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် အင်အားစုအားလုံးကို သူက စုစည်းနိုင် ခဲ့တယ်။

ဒါပေမယ့် ရှမ်းနီတပ်ဖွဲ့ SNA ကို သူ မစည်းရုန်းနိုင်သေးဘူး။ အဲဒါကြောင့်လည်း သူတိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ မြို့ တွေ တဖြေးဖြေးနဲ့ပြန်လက်လွှတ်နေရတာကို ကြည့်ခြင်းအားဖြင့် SNA က အရေးပါလား မပါလာသိနိုင်ပါတယ်။

ကျနော်တို့ အသေးစိတ် ခွဲခြမ်းကြည့်ရင် KIA က AA-CNF-ABSDF- နာဂ ENNO- Naga PDF- ကူကီး KNA- ဒေသ တွင်း PDF ပေါင်းစုံ- Chin Brother(CB)အဖွဲ့ ဒီအဖွဲ့အစည်းတွေ အားလုံးကို သူ့ဘက်ကနေ တိုက်ခိုက်ပေးနိုင်ဖို့ စုစည်းထားနိုင်ခဲ့တယ်။ လက်ရှိလည်း မြန်မာနိုင်ငံ အနောက်မြောက်ဒေသ တစ်လျှောက် တိုက်ပွဲတွေကို ဒီအဖွဲ့ တွေက တိုက်ခိုက်နေတာပဲ။ ဒါပေမယ့် အဲမှာ SNA ပါမလာဘူး။ ဘာကြောင့် ပါမလာတာလဲ စဉ်းစားစရာပဲ။ SNA ပါမလာတဲ့အခါကျတော့ ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်းကို ဖြတ်ပြီး ချင်းနဲ့ရခိုင်ကို စီးဆင်းတဲ့ လက်နက် ခဲယမ်းတွေ၊ လူတွေ၊ ကုန်စည်တွေဟာ ထင်သလောက် သယ်ဆောင်လို့မရဘူးဖြစ်သွားတယ်။ အဲဒီမှာ စစ်တပ်က တန်ပြန်ထိုးစစ်လာတဲ့အခါမှာ လက်နက်ခဲယမ်း မလုံလောက်ဘဲ နောက်ပြန်ဆုတ်ပေးရတာတွေရှိလာတယ်။

ဟုမ္မလင်းမြို့အတွင်း လုံခြုံရေးတာဝန်ယူဆောင်ရွက်နေတဲ့ SNA တပ်ဖွဲ့များ

အကယ်၍ SNA ကိုသာ KIA က အနောက်မြောက်ဒေသ လွတ်မြောက်ရေး စစ်ပွဲထဲမှာ သူ့ဘက်ကနေ ပါဝင်လာ အောင် စည်းရုံးနိုင်ခဲ့မယ်။ အပေးအယူ လုပ်နိုင်ခဲ့မယ်ဆိုရင် စစ်ကိုင်းတိုင်းအလယ်ပိုင်းကနေ အထက်ပိုင်းအထိက လက်နက်ကိုင်တွေ ထိန်းချုပ်မှုအောက်ကို မကြာဘူး ရောက်သွားနိုင်တယ်။ အဲဒီကနေ စစ်ကိုင်းတိုင်းအောက်ပိုင်း ထိန်းချုပ်ရေးနဲ့ မန္တလေးတိုင်းနဲ့ မကွေးတိုင်းထဲမှာ စစ်မြူထားပြီး စစ်တပ်ကို စစ်ကိုင်းတိုင်းထဲ ရောက်မလာအောင် လုပ်ထားလိုက်ရင် စစ်တပ် ဘယ်လိုမှ မလုပ်နိုင်ဘူးဖြစ်သွားနိုင်တယ်။

ဒါကြောင့် KIA အတွက် SNA က အဟန့်အတားဖြစ်နေတယ်လို့ ပြောလို့ရသလို မဟာမိတ် လုပ်ပြီး ရည်မှန်းချက် ကို အကောင်အထည်ဖော်မှ ရမယ်ဆိုတဲ့ စဉ်းစားချက်လည်း ရှိနေနိုင်ပါတယ်။ အလားတူ စစ်တပ်ကလည်း SNA ကို KIA ဘက် ပါမသွားအောင် စည်းရုံးထားနိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ စဉ်းစားချက် ရှိနိုင်ပါတယ်။ ဒီအတွက်ကြောင့် SNA က ရွေးချယ်စရာ ရှိလာနိုင်တယ်။

ဒါကြောင့် KIA ရော၊ စစ်တပ်ရောက SNA နဲ့ ရှမ်းနီကို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေး အဆင့်အတန်းပေးရမယ်။ အဲလို နိုင်ငံရေးအဆင့်အတန်းမျိုးကို ပေးပြီးတော့ SNA ကို စည်းရုံးရမယ့် အနေအထားဖြစ်လာနိုင်တယ်။ မဟုတ်ရင် ဈေး ပိုပေးတဲ့ ဆီကို SNA က သွားနိုင်ခြေရှိတယ်။

မေး ။ ။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေး အဆင့်အတန်းမျိုးဆိုတာက ဘယ်လိုမျိုးကို SNA နဲ့ ရှမ်းနီကို ပေးသင့်တယ် လို့ ဆိုလာတာလဲ။

ဖြေ ။ ။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေး အဆင့်အတန်းက ဘယ်လိုမျိုးလဲဆိုတာကတော့ ကျနော်က SNA အဖွဲ့ဝင် လည်းမဟုတ်သလို ရှမ်းနီလူမျိုးလည်း မဟုတ်တော့ အတိအကျတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျနော့် တစ်ဦး တည်း အမြင်ကတော့ ဥပမာ- KIA က ရှမ်းနီလူမျိုးကို အသိအမှတ်ပြုမယ်၊ ရှမ်းနီဒေသကို လက်ခံပေးမယ်။ SNA နဲ့ အုပ်ချုပ်ရေး နယ်မြေ ခွဲဝေ သတ်မှတ်ပြီးတော့ သွားမယ်။ နှစ်ဖက် လူမျိုးကြားဖြစ်စေ နှစ်ဖက် လက်နက်ကိုင် အဖွဲ့ အစည်းကြားဖြစ်စေ လက်နက်ကိုင် ပဋိပက္ခနှင့် လူမျိုးရေး ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းကာကွယ်မယ်၊ တချို့ သယံဇာတ ပေါများတဲ့ ဒေသဆိုရင် SNA နဲ့ KIA ပူးပေါင်း အုပ်ချုပ်မယ် စသဖြင့်ပေါ့ဗျာ။
နောက် စစ်တပ်ဘက်ကဆိုလည်း SNA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသိအမှတ် ပြုပြီး တော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးခွင့်ပေးမယ်၊ SNA နဲ့ စစ်တပ်ကြား အုပ်ချုပ်ရေး၊ တပ်လှုပ်ရှားနေရာ သတ်မှတ်ရေး၊ ဘဏ္ဍာရေး၊ နယ်မြေခွဲဝေရေး စတဲ့ အချက်တွေ ပါဝင်တဲ့ သီးသန့် Bilateral ထိုးပြီးတော့ SNA ကို အသိအမှတ်ပြုပေးထားမယ်၊ ရှမ်းနီလူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ တောင်းဆိုမှု လိုအပ်တဲ့ ထောက်ခံမှုနဲ့အကူအညီပေးမယ်။ နိုင်ငံတော်အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဆွေးနွေးဖက် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု တက်ခွင့်ပေးမယ် စသဖြင့်ပေါ့ဗျာ။

အဲဒီလို အပေးအယူ လုပ်ပြီးတော့ SNA ကို စည်းရုံးမယ်ဆိုရင် ရနိုင်တယ် ထင်တယ်။ ဒီအပေါ်မှာလည်း SNA က ပိုပေးတဲ့ဘက်ကို ပါနိုင်တာပေါ့။ ဒါကို ဘယ်လို ချဉ်းကပ်မလဲဆိုတာကတော့ ကာယကံရှင်တွေ အပေါ်မှာပဲ မူတည် ပါတယ်။ ကျနော်တို့ကတော့ အပြင်ကနေ သုံးသပ်ကြည့်ရုံပဲ လုပ်လို့ပါတယ်။

မေး ။ ။ စစ်တပ်နဲ့အစိုးရက NCA ကို အဖွဲ့သစ်တွေ လက်မှတ်ထိုးခွင့် မပေးချင်တာ ရှိတယ်လို့ ကြားရတယ်။ နောက်တစ်ခု စစ်တပ်နဲ့အစိုးရက သူနဲ့တိုက်ပွဲ မရှိဘဲနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral) ချုပ်စရာမလိုဘူးလို့ ပြောသံတွေလည်း ကြားရတယ်။ ဒီလိုဆိုရင် ဘယ်လိုဖြစ်နိုင်လဲ။ KIA ကလည်း နယ်မြေပေး နိုင်ရေးကြတော့ တော်တော်ခက်မယ် ထင်ပါတယ်။ ဒီအပေါ်လည်း ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ စစ်တပ်နဲ့ အစိုးရက အဖွဲ့သစ်တွေ ပေါ်လာမှာစိုးလို့ NCA ထိုးခွင့်မပေးဘူးတဲ့ ရပ်တည်ချက်က နည်း နည်း လွဲနေသလိုပဲ။ သူတို့ အဖွဲ့အသစ် ပေါ်မှာ ကြောက်နေလည်း အဖွဲ့တွေက ပေါ်နေတာပဲလေ။ အဖွဲ့သစ်တွေ ပေါ်လာရခြင်း အကြောင်းတရားက ဘာလဲဆိုတာကို ရှာဖွေရမှာပေါ့။ အဲလို မဟုတ်ဘဲ အဖွဲ့သစ်တွေ ပေါ်လာမှာ စိုးလို့ ငြင်းလိုက်တာနဲ့ အဖွဲ့တွေက မပေါ်တော့ဘဲ နေတာမှမဟုတ်တာ။ သူတို့ အဲလို ရပ်တည်ချက်တွေက AA- MNDAA-TNLA က အင်အား အရမ်းကြီးသွားတာ လေ့လာကြည့်လေ။

၂၀၁၅ ခုနှစ်တုန်းက သမ္မတ ဦးသိန်းစိန် လက်ထက်မှာ AA-MNDAA-TNLA က NCA ထိုးချင်တယ်လို့ ပြောတယ်။ အဲဒီတုန်းက သူတို့ မြောက်ပိုင်း ၃ ဖွဲ့ရဲ့ အင်အားက ၁၀၀၀ ကျော်လောက်ရှိတာ။ နယ်မြေလည်း မရှိသေးဘူး။ ဒါပေမယ့် စစ်တပ်နဲ့အစိုးရက လက်မခံဘဲ ငြင်းပယ်ခဲ့တယ်။ အခု ကြည့်လိုက်လေ ဘယ်လိုဖြစ်နေလဲဆိုတာ။
AA-MNDAA-TNLA ကို စစ်တပ်နဲ့အစိုးရက NCA ထိုးပါလို့ ပြောရင်တောင် ဟိုမြောက်ပိုင်းသုံးဖွဲ့က ထိုးမယ့် အနေအထား မရှိလောက်တော့ဘူး။ ဘာလို့ဆို သူတို့က NCA ထက် ကျော်လွန်တဲ့ အခွင့်အရေးတွေ၊ နယ်မြေတွေ၊ အုပ်ချုပ်ရေးတွေ ရနေပြီဆိုတော့ NCA နဲ့ ဆွဲဆောင်လို့တောင် မရတော့ဘူးဖြစ်နေပြီး။

ဒီလိုပဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral)ထိုးမယ် ဆိုရင် တိုက်ပွဲဖြစ်မှ ထိုးလို့ရမယ်။ တိုက်ပွဲမဖြစ်ရင် ထိုးလို့မရဘူးဆိုတဲ့ ရပ်တည်ချက်က တော်တော်လွဲနေတယ်။ အဲလိုဆိုရင် စစ်တပ်နဲ့အစိုးရက တကယ် ငြိမ်းချမ်းရေး လိုချင်တာ မဟုတ်တော့ဘဲ တိုက်ပွဲတွေဖြစ်အောင် တမင် တွန်းပို့နေတာ ဖြစ်မနေဘူးလား။ တစ်ဖက် လက်နက်ကိုင်က တိုက်ပွဲမဖြစ်ချင်လို့ Bilateral ထိုးအောင်လို့ ပြော တာကို တိုက်ပွဲဖြစ်မှ ထိုးရမယ်ဆိုရင် စဉ်းစားတတ်တဲ့ လူတိုင်း နားလည် ပါတယ်။ ဘယ်လိုဖြစ်သွားမလဲဆိုတာ။

နောက်ဆုံးဗျာ တိုက်ပွဲမရှိဘဲ Bilateral ထိုးလို့ရတဲ့ နည်းလမ်းတွေ အများကြီးဘဲ။ ဥပမာ- နှစ်ဖက် အပစ်အခတ်ရပ် စဲရေးသဘောတူစာချုပ်(Bilateral)ဆိုတဲ့ နာမည်အစား ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်း ချမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ Bilateral ထိုးလို့ရတာပဲ။ အဲဒီထဲမှာ ကျနော်တို့ တပ်လှုပ်ရှားမှု နယ်မြေတွေ သတ်မှတ်မယ်၊ အုပ်ချုပ်ရေး အာဏာခွဲဝေမှု လုပ်မယ်၊ ဘဏ္ဍာရေးဆိုင်ရာ ခွဲဝေမှုလုပ်မယ်၊ အခွန်ကောက်ခံမှုနဲ့ စီးပွားရေးဆိုင်ရာ ခွဲဝေမှုတွေလုပ်မယ်။ ဒါဆိုရင် တိုက်ပွဲလည်း ဖြစ်စရာမလို တော့ဘူး။ တိုက်ပွဲဖြစ်လာစရာလည်း မလိုဘဲနဲ့ နှစ်ဖက် အဆင်ပြေသွားတာမျိုးပေါ့။
သမ္မတ ဦးမင်းအောင်လှိုင်လည်း ပြောထားတယ်လေ၊ လက်နက်ကိုင်တွေ လက်နက်ကိုင် တိုက်ခိုက်ပြီးတော့ မိမိရဲ့ ဖြစ်လိုတဲ့ ဆန္ဒတွေကို မတောင်းဆိုပါနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံ ဆွေးနွေးပြီးတော့ မိမိရဲ့ ဖြစ်လိုတဲ့ သဘောထားဆန္ဒတွေကို ညှိနှိုင်းတောင်းဆိုကြပါလို့ သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင်ပြော ထားတာပဲ။

အဲဒါကို သမ္မတက ငြိမ်းချမ်းရေးရဖို့ တာဝန်ပေး ညှိနှိုင်းခိုင်းတဲ့ အဖွဲ့ပဲဖြစ်ဖြစ်၊ ကော်မတီပဲဖြစ်ဖြစ် ကိုယ်စားလှယ် တွေက တိုက်ပွဲမဖြစ်လို့ NCA ထိုးခွင့်မရှိဘူး။ Bilateral ထိုးခွင့်မရှိဘူး။ တိုက်ပွဲဖြစ်မှ NCA နဲ့ Bilateral ထိုးခွင့်ရှိ တယ်လို့ ပြောတာဆိုရင်တော့ သမ္မတရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထမြောက် မအောင်မြင်အောင် လုပ်တာ လို့ ဖြစ်မနေဘူးလား ကျနော်တို့က မေးခွန်းထုတ်စရာ ရှိလာနိုင်ပါတယ်။ ဒါက ကျနော် မြင်တဲ့ အမြင်ပဲဖြစ်ပါ တယ်။

နေပြည်တော်မှာ NSPNC နဲ့ SNUC/SNA တို့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် (ဇွန် ၄ ၂၀၂၆)

မေး ။ ။ အခု SNA က ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုတယ်လို့ သတင်းတွေမှာ တွေ့လာရတယ်။ ဒါပေမယ့် ရှမ်းနီဆိုတဲ့ လူမျိုးမရှိဘူး။ တိုင်းလိုင်၊ တိုင်းလျန်ဆိုတဲ့ လူမျိုး အမည်ပဲရှိတယ်လို့ ထောက်ပြမှုတွေလည်း ရှိနေတယ်။ ဒီအခြေအနေကရော ဘယ်လို ညှိနှိုင်းရင် အဆင်ပြေနိုင်တယ်လို့ မြင်လဲ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုး ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တကယ့် လက်တွေ့မှာ ဒီထက် ပိုရင်လည်း ပိုနေနိုင်သလို လျော့ရင်လည်း လျော့နေနိုင်တယ် အတိအကျ ဘယ်သူမှ မပြော နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ရှမ်းနီပဲ ဖြစ်ဖြစ်၊ တိုင်းလိုင်ပဲ ဖြစ်ဖြစ်၊ တိုင်းလျန်ပဲ ဖြစ်ဖြစ် ဒါတွေက အတူတူပဲလို့ သိရ တယ်။ ဒါပေမယ့် ဘာကြောင့် ဒါတွေကို အငြင်းပွားနေလဲဆိုတော့ လူမျိုးနာမည် ကုဒ်တွေမှာ လဝက ကနေ ထည့် ထားတဲ့ နာမည်နဲ့ ကွဲပြားနေလို့ ဖြစ်မယ် ထင်ပါတယ်။

လဝက ဆိုမှာ လူမျိုးအမည် ပေါက်နေတာက တိုင်းလိုင်၊ တိုင်းလျန် ဖြစ်နေမယ်၊ အခု SNA က ရှမ်းနီလို့ သုံးနှုန်း တော့ လူမျိုး တစ်မျိုးကို အသစ် တောင်းဆိုနေတယ်လို့ အစိုးရနဲ့စစ်တပ်က နားလည်နေပုံပေါ်တယ်။ ဒါမှမဟုတ် လည်း သိရဲ့သားနဲ့ တစ်ခုခုရှိလို့ သူတို့ ကပ်နေတာလား ဒါလည်း သူတို့ပဲသိမယ်။

ကျနော် ရှမ်းနီလူမျိုးတွေနဲ့ ပြောကြည့်တော့ ရှမ်းနီ ဆိုတာ ဗမာမှု ပြုပြီးခေါ်ထားတာလို့ ပြောတယ်။ သူတို့ ပြောတာ တိုင်း ဆိုတာက (ရှမ်း)တဲ့ လိုင် ဆိုတာ (အနီရောင်)တဲ့ အဲတော့ သူတို့က ဗမာလို့ သုံးနှုန်းလိုက်တော့ ရှမ်းနီဆိုပြီး ခေါ်ဝေါ်လိုက်တာလို့ ရှင်းပြတယ်။

ပုံမှန်ဆိုရင် စစ်တပ်နဲ့အစိုးရက ဗမာလူမျိုးကြီး ဝါဒကို ကျင့်သုံးနေတာပဲ၊ အားလုံးကို ဗမာမှုပြုနေတာပဲ အခု ရှမ်းနီက တိုင်းလိုင်၊ တိုင်းလျန်ကို ဗမာမှု ပြုပြီး ရှမ်းနီလို့ ခေါ်တဲ့ဟာ သူတို့ ဗမာမှုပြုချင်နေတာနဲ့ ကိုက်ညီနေတာ ပဲ မဟုတ်ဘူးလား။ အဲဒါကို လက်ခံပေးလိုက်လည်း ဘာမှ မဖြစ်ပါဘူး။

အရင်တုန်းက ဦးသိန်းစိန် လက်ထက် ၂၀၁၆ တုန်းက ရှမ်းပြည်နယ်၊ တားမိုးညဲဆိုတဲ့ ဒေသမှာ မုန်းဝန်းဆိုတဲ့ ရွာ တစ်ရွာရှိတယ်။ အဲဒီ မုန်းဝန်းရွာမှာ တရုတ်လူမျိုးတွေ အများစုနေတယ်၊ တရုတ်ပြည်မကြီးကနေ ရွှေ့ပြောင်းလာ တဲ့ တရုတ်လူမျိုးတွေလည်း နေကြတယ်။ အဲဒီမှာ ဦးသိန်းစိန်က သမ္မတ လုပ်ပိုင်ခွင့်နဲ့ မုန်းဝန်း(ဗမာ)ဆိုပြီး လူမျိုး တစ်မျိုးအနေနဲ့ သတ်မှတ်ပေးခဲ့တယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်တွေလည်း ထုတ်ပေးခဲ့တယ်။ အဲဒါ မျိုးကျ ဘာလို့ရတာလဲ။

အဲတုန်းက လဝကဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က သတင်းသမားတွေကို ဘာပြန်ပြောခဲ့လဲ ဆိုတော့ ၁၉၈၂ နိုင်ငံသားဥပဒေ၊ အခန်း(၂) ပုဒ်မ (၈)အရ နိုင်ငံတော်သမ္မတကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်နဲ့အညီ အခုလို ဆောင်ရွက်တာဖြစ်တယ်ဆိုပြီးတော့ ပြောခဲ့တာ မှတ်တမ်းတွေ ရှိတာပဲ။

နောက်တစ်ခုက ဦးနု လက်ထက်က ရွေးကောက်ပွဲအနိုင်ရဖို့အတွက် အခု ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ဘင်္ဂါလီဆိုတဲ့ လူတွေကိုလည်း ရိုဟင်ဂျာဆိုပြီးတော့ သတ်မှတ်ပေးခဲ့ပြီးတော့ ရွေးကောက်ပွဲ မဲထည့်ခွင့်ပေးခဲ့သလို အသံလွှင့်ခွင့် နေရာတစ်ခုလည်း ပေးခဲ့ဖူးတာတွေရှိတာပဲ။

ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် စစ်တပ်နဲ့အစိုးရဆိုတဲ့ တာဝန်ရှိသူတွေက သူတို့ လိုအပ်ရင် လိုအပ်သလို အသုံးချ ပြီးတော့ မလိုအပ်ရင် သို့မဟုတ် သူတို့မှာ တစ်ခုခု ကြီးကြီးမားမား ဖိအားမရှိရင် ဘာမှမဟုတ်ဘဲနဲ့လည်း ဟန့်တား မှုတွေလုပ်တာ တွေ့ရတယ်ပေါ့နော်။

ဆိုတော့ ရှမ်းနီတွေကလည်း ၁၉၈၂ နိုင်ငံသားဥပဒေ၊ အခန်း(၂) ပုဒ်မ (၈)အရ နိုင်ငံတော်သမ္မတ လုပ်ပိုင်ခွင့်ထဲက နေ ရှမ်းနီဆိုပြီး သတ်မှတ်ပေးရန် တောင်းဆိုကြည့်ပေါ့။ ဆွေးနွေးကြည့်ပေါ့။ စစ်တပ်ပဲဖြစ်ဖြစ်၊ အစိုးရကပဲ ဖြစ်ဖြစ် သူတို့နဲ့ ဆက်ဆံရေးကောင်းရင် သူတို့အတွက် နိုင်ငံရေးအရ အသုံးချလို့ရရင်တော့ သူတို့ စဉ်းစားနိုင်ခြေရှိမယ်ထင် တယ်။ ကျနော်ကတော့ အဲလိုပဲ မြင်ပါတယ်။

ရှမ်းနီလူမျိုးစုများကို တွေ့ရစဉ်

မေး ။ ။ နောက်ဆုံး မေးလိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်နေ့ထိ သမ္မတ ဦးမင်းအောင် လှိုင်ဟာ အိန္ဒိယကို သွားခဲ့တယ်။ အဲဒီခရီးစဉ်က အိန္ဒိယနဲ့ မြန်မာ နယ်စပ်တစ်လျှောက် လက်နက်ကိုင် ပဋိပက္ခ တွေ ချုပ်ငြိမ်းရေးကို အထောက်အကူပြုစေနိုင်သလား၊ သို့မဟုတ် စစ်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တဲ့ အခြေအနေ ရှိသလား ဘယ်လို မြင်ပါသလဲ။

ဖြေ ။ ။ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်က အသွင်ကူးပြောင်းရေးအစိုးရရဲ့ သမ္မတ အနေနဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်လည်းဖြစ်တယ်။ ပြီးတော့ KIA ရဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဒေသ လွတ်မြောက်ရေး စစ်ရေး ရည်မှန်းချက် တည်ရှိတဲ့ ဒေသတွေနဲ့ ထိစပ်နေတဲ့ နိုင်ငံလည်းဖြစ်နေတော့ တော်တော်လေးတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

အိန္ဒိယခရီးစဉ်မှာ သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ပြည်ပရေးရာဝန်ကြီး၊ အမျိုးသားလုံခြုံရေး အကြံပေး၊ အိန္ဒိယသမ္မတတို့နဲ့ တွေ့ဆုံဆွေးနွေးတာတွေ တွေ့ရသလို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတာ လည်း တွေ့ရတယ်။

အဲဒီမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပြောတဲ့ စကားက တော်တော် စိတ်ဝင်စားစရာကောင်းတယ်။ ဘာလဲဆိုတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိန္ဒိယကို ဆန့်ကျင်နေတဲ့ သူပုန်တွေကို နှိမ်နင်းပေးဖို့၊ မြန်မာနိုင်ငံက အိန္ဒိယရဲ့ “အိမ်နီးချင်းပထမ” (Neighbourhood First)၊ “အရှေ့မျှော်ဝါဒ”(Act East)၊ “အင်ဒို-ပစိဖိတ်” (Indo-Pacific) စတဲ့ မူဝါဒတွေအတွက် အဓိက အရေးပါတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောတယ်။

ဆိုတော့ ဒီမူဝါဒအရ မြန်မာနိုင်ငံကို အိန္ဒိယက ချဉ်းကပ်မယ်ဆိုရင် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့ အရေးကြီး တယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ နယ်မြေ အစိတ်အပိုင်းတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ မရှိမှ ရမယ်။ ဒီလိုမျိုး အိန္ဒိယက တွေးနိုင်တယ်။ တွေးမယ်ဆိုရင် အခု အိန္ဒိယနဲ့ ထိစပ်နေတဲ့ မြန်မာ နိုင်ငံက နယ်မြေအစိတ်အပိုင်းတွေဖြစ်တဲ့ ရခိုင်၊ ချင်း၊ စစ်ကိုင်းတိုင်၊ ကချင် စတဲ့ နယ်မြေတွေဟာ စစ်ပွဲတွေ အရှိန်မြှင့်နေတာတွေ့ရတယ်။ ဒီတော့ အိန္ဒိယက ဒီစစ်ပွဲတွေ ရပ်တန့်နိုင်ဖို့ ဘယ်လို စဉ်းစားမလဲ၊ မြန်မာအစိုးရနဲ့ ဘယ်လိုပူးပေါင်းမလဲ၊ လက်နက်ကိုင်တွေနဲ့ ဘယ်လို ဆက်ဆံမလဲ စဉ်းစားရလိမ့်မယ် ထင်တယ်။
ဥပမာ- ရခိုင်မှာဆိုရင် ကုလားတန်မြစ် စီမံကိန်း အကောင်အထည်ဖော်နေတယ်။ ဒီနေရာမှာ တိုက်ပွဲတွေဖြစ်နေ တယ်။ လုံခြုံရေး အားနည်းလွန်းတဲ့အတွက် အကောင်အထည်ဖော်လို့မရဘူး။ ဒီတော့ AA နဲ့ ဘယ်လို အပေးအယူ လုပ်မလဲ။ အပေးအယူ မလုပ်ဘဲ မြန်မာအစိုးရနဲ့ပဲ ဆက်ဆံပြီး သွားမယ်ဆိုရင်ရော ဘယ်လိုဖြစ်မလဲ သူစဉ်းစားမှာ ပဲ။

အိန္ဒိယခရီးစဉ်မှာ ဦးမင်းအောင်လှိုင် နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံစဉ်

နောက်တစ်ခုက ချင်းပြည်နယ်ဆိုလည်း မီဇိုရမ်ပြည်နယ်နဲ့ ထိစပ်ပြီးတော့ နယ်စပ်ကုန်သွယ်ရေးတွေ လုပ်နေတာ ရှိသလို ပလက်ဝမြို့နယ်ကို ဖြတ်သန်းပြီးတော့ ကုလားတန်းမြစ်စီမံကိန်းအတွက် လမ်းကြောင်းဖောက်နေတာ လည်း ရှိတော့ CNF နဲ့ ဘယ်လို အပေးအယူလုပ်မလဲ၊ နောက်တစ်ခု ချင်းပြည်နယ်ထဲမှာရှိနေတဲ့ တခြား လက်နက်ကိုင်တွေနဲ့ ဘယ်လို အပေးအယူ လုပ်မလဲ ဒါကိုလည်း စဉ်းစားရမယ်။

စစ်ကိုင်းတိုင်းကို ကြည့်မယ်ဆိုရင်လည်း စစ်ကိုင်းတိုင်းထဲမှာ KIA ဦးဆောင်တဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ SNA၊ မြန်မာ့တပ်မတော်တို့ကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အဲဒီတော့ အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်း စီမံကိန်းနဲ့ တမူး နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်ရေးကိစ္စ အကောင်အထည် မဖော်နိုင်ဘူးဖြစ်နေတယ်။ ဒါအပြင် အိန္ဒိယနိုင်ငံထဲကို ဒုက္ခသည်တွေဝင်လာနေတာရယ်၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေ ဖြစ်နေတာရယ်ကြောင့် လည်း အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်ခံနေရမှာပဲ။

ဒီထဲမှာမှ အိန္ဒိယကို တိုက်ခိုက်နေတဲ့ သူပုန်တွေကလည်း စစ်ကိုင်းတိုင်ထဲမှာရှိနေသလို KIA ဦးဆောင်တဲ့ လက်နက်ကိုင် အုပ်စုတွေက မြန်မာနိုင်ငံ အနောက်မြောက်ဒေသ လွတ်မြောက်ရေး ရည်မှန်းချက်မှာ စစ်ကိုင်း တိုင်းက အဓိက ရည်မှန်းချက်ဖြစ်နေတော့ အိန္ဒိယအတွက် စစ်ကိုင်းတိုင်း တည်ငြိမ် အေးချမ်းရေးက အထူး ဦးစားပေးဖြစ်နေနိုင်တယ်။

ဆိုတော့ အိန္ဒိယက အဲဒီ အခင်းအကျင်းကြီးထဲမှာ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့တဲ့အခါမှာ (၁) စစ်ကိုင်းတိုင်း တစ်ခုလုံး တည်ငြိမ်အေးချမ်းရေးကို ဆွေးနွေးနိုင်ခြေရှိတယ်၊ (၂) အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ် ရေးလမ်း အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးနိုင်ခြေရှိတယ်၊ (၃) KIA ရဲ့ အနောက်မြောက်ဒေသ လွတ်မြောက် ရေး စစ်ရေး ရည်မှန်းချက်နဲ့ အမေရိကန် ပါဝင် ပတ်သက်လာနိုင်ခြေကို ဆွေးနွေးနိုင်ခြေရှိတယ်၊ (၄) မြန်မာ့ မြေရှားသတ္တု တူးဖော်ထုတ်လုပ်ရေး ပူးပေါင်းရေးကိစ္စ ဆွေးနွေးနိုင်ခြေရှိတယ်၊ (၅) ကုလားတန်မြစ် စီမံကိန်း ပြန်လည် အကောင်အထည်ဖော်နိုင်ရေး ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးနိုင်ခြေရှိတယ်၊ (၆) မြန်မာနိုင်ငံထဲက နေ အိန္ဒိယနိုင်ငံထဲကို ဝင်နေတဲ့ မူးယစ်ဆေးဝါးပြဿနာ ဆွေးနွေးနိုင်ခြေရှိတယ်၊ (၇) အိန္ဒိယကို တိုက်ခိုက်နေတဲ့ သူပုန်တွေကို နှိမ်နင်းပေးဖို့ ဆွေးနွေးနိုင်ခြေရှိတယ်။
ဆိုတော့ ဒီအခြေအနေတွေကို ဆွေးနွေးခဲ့မယ်ဆိုရင် အိန္ဒိယနဲ့မြန်မာ ပူးပေါင်းပြီးတော့ စစ်ကိုင်းတိုင်း ဒေသကို ဦးစားပေး အနေနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာစစ်တပ်က လုပ်လာနိုင်ခြေရှိတယ်။ ဒီလိုမျိုး လုပ်လာပြီး ဆိုရင် မြန်မာစစ်တပ်မှာ အင်အား လိုအပ်လာမယ်။ နယ်မြေ ကျွမ်းကျင်ပြီးတော့ တိုက်ရေခိုက်ရေ ကောင်းတဲ့ အင်အားစုတွေ လိုအပ်လာမယ်။

ဒီလိုဆိုရင် မြန်မာစစ်တပ်က စစ်ကိုင်းတိုင်းထဲမှာ ဘယ်အင်အားစုကို ချဉ်းကပ်မလဲ စဉ်းစားကြည့်လေ၊ အခု စစ်ကိုင်းတိုင်းထဲမှာ KIA ကို ယှဉ်တိုက်နေတဲ့ အင်အားစုက ဘယ်အဖွဲ့လဲ SNA ပဲရှိတယ်ဆိုတာ တွေ့လာရတယ်။ ဒီတော့ စစ်တပ်က SNA ကို အခွင့်အရေး နည်းနည်း ပေးပြီးတော့ မြန်မာနဲ့အိန္ဒိယ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်မှာ အသုံးချမှာပဲလေ။ ဒီအတွက်ကြောင့် စစ်ကိုင်းတိုင်း တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်မှာ SNA က အရေးပါလာတာပေါ့။ ဒီအခြေအနေတွေ အားလုံးကို ခြုံငုံသုံးသပ်ပြီးတော့ SNA ခေါင်းဆောင်တွေကလည်း သူတို့ရဲ့ အဖွဲ့အစည်းနဲ့ ရှမ်းနီလူမျိုးအတွက် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးအဆင့်အတန်းကို တောင်းဆိုပြီးတော့ အပေးအယူ လုပ်နိုင်ရင်တော့ သူတို့အတွက် တစ်စုံတစ်ရာ အကျိုးအမြတ်ရှိလာနိုင်တယ်။

အဲလိုမဟုတ်ရင်တော့ စစ်တပ်ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ထောင်ချောက်ထဲကို ဆွဲသွင်းခံလိုက်ရပြီးတော့ ဘာ အာမခံ ချက်မှလဲ မရဘဲ အဆုံးသတ်သွားနိုင်သလို ဘာနိုင်ငံရေး ဂုဏ်သိက္ခာရေးတဲ့ အဆင့်အတန်းကိုလည်း မရဘဲဖြစ် သွားနိုင်တယ်။ ဒီလိုပဲ KIA ဘက်ကလည်း SNA ကို သူ့ဘက် ပါအောင် ဆွဲခေါ်နိုင်မယ် စည်းရုံးနိုင်မယ်ဆိုရင် KIA ရဲ့ ရည်မှန်းချက်ကလည်း အကောင်အထည်ပေါ်သွားနိုင်တယ်။

စစ်တပ်က ကသည်းနဲ့ နာဂလက်နက်ကိုင်တွေကိုတော့ SNA ကို ပူးပေါင်းဖို့ ကြိုးပမ်းသလို လွတ်လွတ်လပ်လပ် လုပ်လို့မရနိုင်ဘူး။ ဘာလို့ဆို အဲဒီအဖွဲ့တွေက အိန္ဒိယကို ဆန့်ကျင် တိုက်ခိုက်နေတဲ့အဖွဲ့တွေဖြစ်နေလို့ပဲ။ အိန္ဒိယကလည်း အဲအဖွဲ့တွေကို နှိမ်နင်းပေးဖို့ တောင်းဆိုနေတဲ့အချိန်မှာ စစ်တပ်က ထုတ်သုံးတာ ပူးပေါင်း ဆောင်ရွက်တာတွေ လုပ်လာရင် အိန္ဒိယနဲ့အပေးအယူ ဘယ်လိုလုပ်လို့ရတော့မလဲ စဉ်းစားကြည့်ရင် နောက်ဆုံး ဘယ်သူ့ကို သွားချဉ်းကပ်မလဲဆိုတာ ခင်ဗျားလည်း စဉ်းစားကြည့်ပါ။

မေး ။ ။ အခု မေးမြန်းတာတွေနဲ့ ပတ်သက်ပြီး ‌နောက်ဆုံး ဘာများ ဖြည့်စွက် ပြောချင်တာ ရှိပါသလဲ။

ဖြေ ။ ။ ကျနော်ကတော့ မြန်မာနိုင်ငံ မြန်မြန် ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးကြတဲ့အခါမှာ ရိုးသားကြစေချင်တယ်။ သဘောထား ကြီးကြစေချင်တယ်။ အမျိုးသားလုံခြုံရေး ရှုထောင့်က ကြည့်ပြီးတော့ အရာရာကို မစဉ်းစားကြစေလိုဘူး။ မဆွေးနွေးကြစေလိုဘူး။ တရားမျှတခြင်းနှင့် တန်းတူညီမျှရေးဆိုတဲ့ ရှုထောင့်က ဆွေးနွေးကြမယ်ဆိုရင်တော့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ မြန်မြန် ထွက်လာမယ်လို့ မြင်ပါ တယ်။

related posts

Leave a Comment