Home » ခွင့်လွန်ရဲဘော်တွေ ပြန်လာဖို့ တမူး PDF ပြော

ခွင့်လွန်ရဲဘော်တွေ ပြန်လာဖို့ တမူး PDF ပြော

by Homeland Author

တမူးခရိုင်အမှတ် (၁) တပ်ရင်းမှ ခွင့်လွန် (သို့) အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်နေကြတဲ့ ရဲဘော်တွေ အားလုံး ပြန်လာဖို့ ဩဂုတ် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

PDF အမှတ် (၁) စစ်ဒေသဌာနချုပ်၊ တမူးခရိုင်အမှတ် (၁) တပ်ရင်းမှ တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်နေတဲ့ ရဲဘော်တွေအနေနဲ့ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ နောက်ဆုံးထား၍ တပ်ရင်းသို့ ရောက်ရှိကြောင်း သတင်းပို့ပြီး တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

ပြန်လည်သတင်းပို့ တာဝန်ထမ်းဆောင်ခြင်းမရှိပါက PDF ရဲ့ စစ်ဥပဒေအတိုင်း ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကောလင်းခရိုင်၊ အမှတ် (၃) တပ်ရင်းက မိမိတို့ တပ်နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေ၊ ခွင့်လွန်ရဲဘော်တွေအားလုံး တပ်ရင်းသို့ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ကိုလည်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ဗန်းမောက်မြို့နယ်အတွင်းရှိ မြို့နယ် နဲ့ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ခွင့်မဲ့၊ ခွင့်လွန်၊ တပ်ပြေးရဲဘော်တွေ၊ ခန္တီးခရိုင် တပ်ရင်း ၃ မှ ထွက်ပြေးတိမ်းရှောင်နေတဲ့ “တပ်ပြေး နဲ့ ခွင့်လွန်” ရဲဘော်တွေ အနေဖြင့်လည်း တပ်ရင်းရုံးသို့ လာရောက်အသိပေးဖို့ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို ၅ ရက်တာ သွားရောက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက် စစ်တပ်နဲ့ NUG လက်အောက်ခံ PDF တို့ ကလေး – တမူး လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အဆိုပါ လမ်းပိုင်းအားလုံးကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment