Home » စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာဟု ICRC ပြော

စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာဟု ICRC ပြော

by Homeland Author

“ဘယ်သူ့ကိုမှ အပြစ်လို့ မမြင်ပါဘူး။ မိုင်းတွေသုံးတာကတော့ မကောင်းဘူးပေါ့နော်။ ခြေထောက်မရှိဘူးလို့ သိသိချင်းအချိန်မှာ စိတ်အားငယ်တယ်ပေါ့နော်။ စိတ်သွားတိုင်းတော့ ကိုယ်မပါတော့ဘူးနော်”

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ခဲ့ရပြီး ဘားအံ့ ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနမှ ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှု ရယူခဲ့သူ မနီနီဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း လက်နက်ကိုင်ပဋိပက္ခတွေဟာ အရင်က သက်ရောက်မှုနည်းခဲ့တဲ့ ဒေသတွေအထိပါ ကျယ်ပြန့်လာခဲ့ပြီး ဒေသခံရပ်ရွာလူထုတွေအတွက် မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ဖြစ်နိုင်ခြေတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ပြောပါတယ်။

အဆိုပါ ကိစ္စရပ်ကို တုံ့ပြန်ကူညီတဲ့အနေနဲ့ မြန်မာနိုင်ငံကြက်ခြေနီသင်း၊ ရပ်ရွာလူထုစေတနာ လုပ်အားရှင်တွေနဲ့အတူ ICRC ဟာ ထိခိုက်ခံစားနေရတဲ့ နယ်မြေအသစ်တွေရှိ ရပ်ရွာလူထုထံသို့ ရောက်ရှိနိုင်ဖို့ ဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ICRC မှ မသဉ္ဇာဦး က “ကျမ အခုရောက်ရှိနေတဲ့ ကျေးရွာကတော့ မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် လက်ရှိ ဒီရွာက ထိခိုက်ခံစားနေရတာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နေရာတွေမှာ ကျန်ရှိနေတဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ ပစ္စည်းတွေ ရှိနေတာကြောင့် ထိခိုက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် ဒီပစ္စည်းတွေရဲ့ အန္တရာယ်တွေအကြောင်း အသိပညာပေးတာကို နည်းလမ်းအမျိုးမျိုးနဲ့ ရွာအားလုံးသိအောင် လုပ်ဆောင်နေကြပါတယ်” လို့ ပြောပါတယ်။

၂၀၂၅ခုနှစ် မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအစီရင်ခံစာ (2025 Landmine Monitor Report) အရ မြန်မာနိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်း တွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုအမြင့်ဆုံးနေရာမှာ နှစ်နှစ်ဆက်တိုက် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်း တွေကြောင့် ထိခိုက်သေဆုံးသူပေါင်း ၂,၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းများ

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေဟာ စစ်ပွဲတွေပြီးသွားသည့်တိုင် ပြည်သူလူကို ခြိမ်းခြောက်နေဆဲဖြစ်တယ်လို့ ICRC မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေနဲ့ အဲဒီပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေဟာဆိုလို့ရှိရင် နိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူလူထုတွေကို ဆိုးရွာစွာ ခြိမ်းခြောက်နေပါတယ်။ အဲဒီအန္တရာယ်က စစ်ပွဲပြီးသွားသည့်တိုင်အောင် နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေမှာ ခြိမ်းခြောက်နေပါသေးတယ်။ အဲဒီပစ္စည်းတွေဟာဆိုလို့ရှိရင် ပြည်သူလူထုတွေ နေ့စဉ်မရှိမဖြစ် အသုံးပြုနေရတဲ့ လမ်း၊ အစားအစာရှာဖွေတဲ့နေရာ၊ သောက်ရေယူတဲ့နေရာ အသက်မွေးဝမ်းကျောင်း နေ့စဉ်ပြုလုပ်နေတဲ့ နေရာတွေမှာလည်း တည်ရှိပြီးမှ အဲဒီအန္တရာယ်က ပြည်သူလူထုကို ထိရောက်နိုင်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ်မှာ ပေါက်ကွဲမှုအန္တရာယ်ထိခိုက်မှုမှ အသက်ရှင်လွတ်မြောက်လာသူများအပါအဝင် မသန်စွမ်းသူ ၅,၀၀၀နီးပါးဟာ ICRC က ပံ့ပိုးကူညီထားတဲ့ ပြန်လည်သန်စွမ်းရေးဌာနတွေ ကိုယ်ကာယ ပြန်လည် သန်စွမ်းရေးဆိုင်ရာဝန်ဆောင်မှုတွေကို ရရှိခဲ့ပါတယ်။

၂၀၂၆ ခုနှစ် လက်ရှိအချိန်အထိ လူပေါင်း ၂,၇၀၀ ကျော်ဟာ အဲဒီဝန်ဆောင်မှုတွေကို ရရှိထားပြီးဖြစ်သလို အလွယ်တကူခရီး သွားလာနိုင်ခြင်းမရှိသူတွေအတွက် ရွေ့လျားခြေတုပြုပြင်ဆောင်ရွက်နေတဲ့အဖွဲ့က ရောက်ရှိဖို့ခက်ခဲ့တဲ့ နေရာတွေမှာ ပစ္စည်းကိရိယာတွေကို ပြုပြင်ပေးတာနဲ့ ညှိပေးတာတို့ကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

မနီနီဝင်းက “နေတဲ့ခြံဝန်းထဲမှာပဲ ကလေးချီပီးတော့ နောက်ဖေးကို ထွက်တဲ့အချိန်မှာ မိုင်းနင်းမိတာ။ ဝုန်းဆိုတဲ့အသံတော့ မကြားလိုက်ရဘူး။ အိမ်ပေါ်မှာသွားရင်းနဲ့ ကြမ်းပေါက်ကျွံလိုက်သလိုပဲ ကျလိုက်တဲ့အချိန်မှာ ကိုယ်ကလည်း ကလေးချီထားတာမို့ ကလေးကို အာရုံထားနေတာနဲ့ သတိမထားမိဘူးပေါ့နော်။ ကလေးကိုမှန်သွားတယ်ထင်လို့ အာရုံစိုက်ပြီး ကြည့်တဲ့အချိန်မှာ ကလေးကဘာမှမဖြစ်ဘူး။ လက်ထောက်နဲ့ သွားတဲ့ အချိန်တုန်းက အထုပ်အပိုးလေးဆွဲမယ်ဆိုရင်တောင် ဆွဲလို့အဆင်မပြေဘူး။ ခြေထောက်နဲ့ သွားတဲ့အချိန်မှာ လက်နှစ်ဖက် အားသွားပြီ ကိုင်ချင်တာကိုင်လို့ ရတယ်။ ခြေထောက်ရသွားတော့ ပိုပြီးတော့ အားတက်သွားတယ်။ ခြေထောက်က ဒီလိုမျိုးသွားနိုင်ပြီဆိုတော့ ကိုယ့်ကိုယ်လုပ်ပေးနေရတဲ့ဟာတွေကို မလုပ်ပေးရတော့ဘူးပေါ့နော်။ မိသားစုကိုလည်း အစစအရာရာ ဘာမှ လိုလေသေးမရှိအောင် ကူညီပေးနိုင်ပါပြီ” လို့ ပြောပါတယ်။

လုံခြုံရေးနဲ့ သွားရောက်နိုင်ခြင်းဆိုင်ရာအခြေအနေတွေက ခွင့်ပြုပါက ICRC ဟာ ရပ်ရွာလူထုတွေနဲ့ တိုက်ရိုက် လုပ်ငန်းဆောင်ရွက်ပြီး ပုံမှန်သွားရောက်နိုင်ခြင်းမရှိတဲ့ ဒေသတွေအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ ရပ်ရွာလူထုစေတနာလုပ်အားရှင်တွေကို ၎င်းတို့ကိုယ်တိုင် လေ့ကျင့်သင်တန်းပေးသူတွေအဖြစ် ဆောင်ရွက်နိုင်စေဖို့ ရက်တိုသင်တန်းတွေနဲ့ လေ့ကျင့်သင်တန်းပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

အလွယ်တကူခရီး သွားလာနိုင်ခြင်းမရှိ သူတွေအတွက် ရွေ့လျားခြေတုပြုပြင်ဆောင်ရွက်နေတဲ့အဖွဲ့က ရောက်ရှိဖို့ခက်ခဲ့တဲ့ နေရာတွေမှာ ပစ္စည်းကိရိယာတွေကို ပြုပြင်ပေးတာနဲ့ ညှိပေးတာတွေကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ICRC က ပြောပါတယ်။

“မသန်စွမ်းတွေနဲ့ ကလေးတွေ နားလည်လွယ်တဲ့ သင်ထောက်ကူပစ္စည်းတွေ သတင်းစကားတွေကို သေချာလေး ပြုစုပြီးမှ ကိုယ်စားလှယ်တွေကို သင်ကြားပေးပါတယ်။ ဒီကိုယ်စားလှယ်တွေကနေတဆင့် ဒီနည်းလမ်းတွေကို အသုံးပြုပြီးမှ သတင်းစကားတွေကို ထိထိရောက်ရောက် ရောက်ရှိစေနိုင်ပါတယ်။ မိမိကိုယ်အတွက်သာမက အခြားသူများကိုပါ ဒီသတင်းစကား ဝေငှခြင်းအားဖြင့် ကျမတို့တွေ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပြီးမှ ဒီလိုမျိုး ဝေငှဖို့ရန်အတွက်လည်း ကျမတို့ အကုန်လုံးမှာ တာဝန်ရှိပါတယ်”

related posts

Leave a Comment