သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲတော်စပ်သူ မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ အစ်ကိုဖြစ်သူကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က သေဒဏ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်သူ စိုင်းစံ(ခေါ်)စိုင်းဆာစံဟာ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်း (လွႆၵႅင်း) ရွာမှာနေတဲ့ အသက် (၂၄) နှစ်အရွယ်ရှိသူဖြစ်ပြီး၊ ကျူးလွန်ခံရသူကတော့ သူနဲ့ ညီမဝမ်းကွဲတော်စပ်တဲ့ တစ်ရွာတည်းနေ အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းမှာ စိုင်းစံက ညီမဝမ်းကွဲဖြစ်သူကို ရွာပြင်ကို အလည်သွားဖို့ အကြောင်းပြ၍ ခေါ်ဆောင်သွားခဲ့ပြီး ဘော်ကြိုကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ရွာအနီးက ငှက်ပျောခြံတစ်နေရာအရောက်မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၂၅ ရက်မှာတော့ သေဆုံးသူ မိန်းကလေးရဲ့ မိဘတွေက SSPP ထံ သွားရောက်တိုင်ကြားခဲ့ပြီး၊ အဲဒီနေ့ ညနေပိုင်းမှာပဲ ပြစ်မှုကျူးလွန်သူ စိုင်းစံကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူကို SSPP ဗဟိုဌာနချုပ် အထက်တရားရုံးမှာ စစ်ဆေးစီရင်ခဲ့ပြီးနောက် ပြစ်မှုပြင်းထန်တာကြောင့် သေဒဏ်ချမှတ်ခဲ့တာလို့ သိရပါတယ်။
အဆိုပါ သေဒဏ်စီရင်မှုကိုတော့ မနေ့က ဩဂုတ်လ ၃၀ ရက် နေ့လယ် ၂ နာရီအချိန်မှာ SSPP ဗဟိုဌာနချုပ်ရှိရာ သျှမ်းပြည်မြောက်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှာ ဆောင်ရွက်ခဲ့တာလို့ SSPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။