Home » တီးတိန် ဘုရားကျောင်း ဗုံးကြဲခံရပြီး ချင်းစစ်မေ ၄ ဦးအပါ ၁၀ ဦး သေဆုံး

တီးတိန် ဘုရားကျောင်း ဗုံးကြဲခံရပြီး ချင်းစစ်မေ ၄ ဦးအပါ ၁၀ ဦး သေဆုံး

by Homeland Author

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ဖူနွမ်းကျေးရွာ ဘုရားကျောင်းကို စစ်တပ်က မေလ ၆ ရက်၊ ညနေ ၄ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချင်းတော်လှန်ရေး စစ်မေ ၄ ဦးအပါအဝင် ၁၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖူနွမ်းကျေးရွာ AG ဘုရားကျောင်းကို စစ်တပ်ဘက်က ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ချင်းတော်လှန်ရေး စစ်မေ ၄ ဦးအပါအဝင် ရဲဘော်အချို့နဲ့ ပြည်သူတွေ သေဆုံးသွားတာလို့ ဆိုပါတယ်။

လက်ရှိ တီးတိန်မြို့နဲ့ ၁၈ မိုင် အကွာမှာ တည်ရှိတဲ့ ဖူနွမ်းရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို တီးတိန်မြို့နယ် အရှေ့ခြမ်း တီးတိန် – ကလေးမြို့ လမ်းတလျှောက်မှာလည်း စစ်တပ် နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့မှာလည်း ချင်းတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ဖလမ်းမြိုကို စစ်တပ်က ပြန်လည် သိမ်းပိုက်ထိန်းချုပ်လိုက်ပါတယ်။

အဲဒီနောက် ကလေးမြို့ကနေ တီးတိန်မြို့ကို စစ်တပ်က စစ်‌အင်အားဖြည့်တင်းတာကြောင့် ကလေး – တီးတိန် လမ်းပိုင်းမှ အဲဒီစစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

ချင်းပြည်နယ်ရဲ့ ဒုတိယအမြင့်ဆုံးတောင်ဖြစ်တဲ့ ကနေဒီတောင်ကို စစ်တပ် နဲ့ ချင်းတော်လှန်ရေးအင်အားစုတို့အကြား သူတပြန် ကိုယ်တပြန် သိမ်းပိုက်နေခဲ့ကြတာပြီး မေလ ၅ ရက်နေ့မှာတော့ စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖူနွမ်းကျေးရွာဟာ စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ကနေဒီတောင် တောင်ခြေမှာ တည်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment