Home » ရသေ့တောင်ကို တပ်က ထပ်မံဗုံးကြဲ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရသေ့တောင်ကို တပ်က ထပ်မံဗုံးကြဲ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

by Homeland Author

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို စစ်တပ်က ဩဂုတ် ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) နဲ့ ဒေသခံသတင်းအချက်အလက်တွေအရ သိရပါတယ်။

ဩဂုတ် ၁၇ ရက် မနက် ၁၁ နာရီ ၅၀ မိနစ်လောက်မှာ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာကို တပ်က ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၄၈ နှစ်အရွယ် ဒေါ်သန်းမေနုရဲ့ နဖူးမှာ ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့သလို အရပ်သားနေအိမ် ၃ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဩဂုတ် ၁၈ ရက် မနက် ၉ နာရီ ၁၈ မိနစ်လောက်မှာလည်း တံတားဦးလေတပ်ကနေ ပျံတက်လာတဲ့ Yak-130 ဂျက်တိုက်လေယာဉ်တစ်စီးဟာ ရသေ့တောင်မြို့နယ်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ လေယာဉ်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

လက်ရှိရရှိထားတဲ့ သတင်းတွေအရ ဒီနေ့တိုက်ခိုက်မှုမှာ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ သိရပြီး ဗုံးကြဲခဲ့တဲ့ နေရာအတိအကျနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အလားတူ ဩဂုတ် ၁၆ ရက်ကလည်း သံတွဲမြို့အနီးတစ်ဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအဖနှစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ရသေ့တောင်အပါအဝင် AA ထိန်းချုပ်ထားတဲ့ မြို့နဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိမှုနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေ တိုးလာနေတယ်လို့ AA က ဆိုပါတယ်။

related posts

Leave a Comment