Home » နိုင်ငံရေးဘောဂဗေဒကြားက နွေဦးတော်လှန်ရေးလားရာ

နိုင်ငံရေးဘောဂဗေဒကြားက နွေဦးတော်လှန်ရေးလားရာ

by Homeland Author

အပိုင်း(၃)

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ အမြင်တွင် NUGအစိုးရသည် စစ်ရေး၊ နိုင်ငံရေးအရ ဦးဆောင် မှုအခန်းကဏ္ဍကို ယူထားနိုင်ခြင်းမရှိဘဲ ၄င်းတို့နှင့် တန်းတူလောက် နီးပါးသာရှိသော အစိုးရအမည်ခံEAOအဖြစ် အဘယ့်ကြောင့် ရှုမြင်ကြပါသနည်း။ မိမိတစ်ဦးတည်း၏ အမြင်အရ ဤမေးခွန်းကို ဖြေဆိုရလျှင် NUGအစိုးရတွင် တော်လှန်ရေးကဏ္ဍနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍ (၂)ရပ်လုံး၌ ပြတ်သားသည့်မူဝါဒနှင့် အကောင်အထည်ဖော် မှု ရှိမနေခြင်းကြောင့် ဖြစ်သည်ဟု ဖြေဆိုရပါမည်။

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလအတွင်းကစ၍ စစ်တပ်က အာဏာသိမ်းယူနိုင်သည်ဟူသော သုံးသပ်မှုမျိုးကို နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ရှုမြင်ခဲ့ကြသည်။ ထို့အပြင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်သော တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်နှင့် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့က မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သော ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်သည် စစ်တပ်၏ အာဏာသိမ်းယူနိုင်မှု အခြေအနေကို လာရောက်လေ့လာခြင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ပထဝီဝင်နိုင်ငံရေးအပြောင်းအလဲအတွက် စနည်း နာရန် လာရောက်သည်ဟု သုံးသပ်နိုင်ပါသေးသည်။ ထိုအခြေအနေဖြစ်နေသည်အထိပင် ထိုအချိန်က အစိုးရဖြစ်နေသည့် NLDထိပ်ပိုင်းခေါင်းဆောင်များနှင့် ၂၀၂၀ရွေးကောက်ပွဲ၏ ရွေးကောက်ခံကိုယ်စားလှယ်များတွင် စစ်တပ်က အာဏာသိမ်းခဲ့လျှင် မည်သို့တုန့်ပြန်ရမည်ဆိုသည့် အစီအစဉ်မှာ ရှိမနေခဲ့ပါချေ။

စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြရာတွင် ကနဦးဖြစ်သော CDMလှုပ်ရှားမှုသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်တွင် တစ်နိုင်ငံလုံးရှိ နိုင်ငံ့ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် အစပြုခဲ့သည်။ ထိုသို့ အစပြု ခဲ့ခြင်းတွင် NLDပါတီ၏ သဘာပတိဖြစ်သူ ဦးဝင်းထိန်က မဲပေးခဲ့ကြသော လူထုအနေဖြင့် တတ်နိုင်သမျှ အကြမ်းမဖက်သောနည်း(CDM)ဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြရန် တိုက်တွန်းမှုကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့တွင် မီဒီယာကတဆင့် ပြောဆိုသောအချက်က အဓိအကြောင်းတစ်ရပ်အဖြစ် တွေ့ရသည်။ သို့သော် NLD ပါတီ၏ ၂၀၂၀ခုနှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စစ်အာဏာသိမ်းမှုအပေါ် မည်သည့် သဘောထားမှတ်ချက်မှ မပေးခဲ့သည့်အပြင် အများစုသော လွှတ်တော်ကိုယ်စားလှယ်များ၏ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာမှ သက်ဆိုင်ရာအိမ်သို့ပြန်ကြရန် ပြင်ဆင်မှုများကသာ လူမှုကွန်ရက်များတွင် တက်လာခဲ့သည်။

ဤအ‌ခြေအနေအရ NLD ပါတီအတွင်း၌ပင် အရေးပေါ်မည်သို့ပြုလုပ်ကြရမည်ဆိုသည့် လမ်းညွှန်ချက် ရှိမနေသကဲ့သို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်း၏ နိုင်ငံရေးခံယူချက်အရ စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်ရမည်ဟူသောအသိမှာလည်း ပျောက်ကွယ်နေသည့်အပြင် ဦးဝင်းထိန်၏ မီဒီယာကတဆင့် လူထုကို တိုက်တွန်းသည့် အချက်ကိုပင် အာရုံပြုမိခဲ့ကြခြင်း မရှိဟု သုံးသပ်နိုင်ပါသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့ရောက်မှသာ NLDပါတီ၏ ၂၀၂၀ခုနှစ် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်(၁၅)ဦး၏ ပါဝင်မှုဖြင့် ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ(CRPH) ပေါ်ပေါက်လာခဲ့ပြီး ဥပဒေ ပြုရေး၊ အစိုးရဖွဲ့စည်းရေး၊ စစ်အာဏာသိမ်းမှုကို အသိအမှတ်မပြုရေး၊ နိုင်ငံတကာက ၄င်းတို့နှင့်သာ ဆက်သွယ်နိုင်ရေးကို စတင်ကြေညာခဲ့သည်။ ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ(CRPH) မပေါ်ပေါက် မီကပင် နိုင်ငံ့ဝန်ထမ်းများ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော CDMလှုပ်ရှားမှုများ၊ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ဒေါက်တာတေဇာစန်းဦးဆောင်၍ မန္တလေးဆေးတက္ကသိုလ်အနီးတွင် စတင်ဆန္ဒပြမှုများမှာ ပေါက် ပေါက်နေခဲ့ပြီ ဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်သူအချို့ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – ဖရွန်းတီးယားမြန်မာ)

သို့သော် ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ(CRPH)ဖွဲ့စည်းကြောင်း ထုတ် ပြန်ချက်တွင် လူထုတစ်ရပ်လုံးနှင့် နိုင်ငံ့ဝန်ထမ်းများကို ဦးဆောင်မှုပေးကာ စစ်အာဏာသိမ်းမှုအပေါ် မည်ကဲ့သို့ ဆန့်ကျင်သွားမည်ဆိုသည့်အချက်နှင့် လူထုနှင့် နိုင်ငံ့ဝန်ထမ်းများ၏ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှု များကို ထောက်ခံသည့်အချက်မှာ အံ့သြစရာကောင်းလောက်အောင်ပင် မပါဝင်ခဲ့ပါချေ။ ဤသည်ကိုကြည့်လျှင်လည်း ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ(CRPH)တွင် ပါဝင်ခဲ့ကြသည့် NLDပါတီ၏ ၂၀၂၀ခုနှစ် ရွေး ကောက်ခံလွှတ်တော် ကိုယ်စားလှယ်(၁၅)ဦးတွင် အာဏာသိမ်းမှုကို မည်ကဲ့သို့ဆန့်ကျင်ကြရမည် (ဝါ) တော်လှန် ရေးတစ်ရပ် ဆင်နွှဲရမည်ဟူသော အမြင်မှာ ကနဦးတွင်ပင် ရှိမနေကြောင်း ပေါ်လွင်နေပေသည်။

သို့ဖြစ်ပါက ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ(CRPH)ကတဆင့် မွေးဖွားပေးလိုက်သော NUGအစိုးရတွင် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရမည့် တော်လှန်ရေးသန္ဓေသည် မူလကပင် ပါမလာဘဲ လူထုနှင့် နိုင်ငံဝန်ထမ်းများ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်နောက်ကသာ မှီ၍လိုက်လိုသော နောက်မြှီး ဆွဲတော်လှန်ရေးစရိုက်ကသာ ကြီးစိုးနေခဲ့သည်။ သို့ဖြစ်၍ ၂၀၂၁ခုနှစ်၊ ဧပြီလ(၁၆)ရက်တွင် NUGအစိုးရကို ဖွဲ့စည်းခဲ့သော်လည်း အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုမှာ မရှိသကဲ့ သို့ ဒေသအသီးသီးတွင် လက်နက်ကိုင်တွန်းလှန်တိုက်ခိုက်ရန် စတင်ကြိုးစားလာကြသည့် လူထုအဖွဲ့အစည်းများ နှင့်လည်း ဆက်သွယ်ဦးဆောင်မှုပေးနိုင်ခြင်း မရှိခဲ့ပါ။

ပေါ်လွင်သည့် ဥပမာပြဆိုရလျှင် ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုသည် ၂၀၂၁ခုနှစ်၊ ဧပြီလ(၂၄)ရက်၌ စတင်ပေါ်ပေါက်လာခဲ့သော်လည်း NUGအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဖွဲ့စည်းမှုမှာ ၂၀၂၁ခုနှစ်၊ မေလ(၅)ရက်နေ့မှသာ တရားဝင်ပေါ်ပေါက်လာခဲ့သည်။ ဤသို့ အမြှီးအမောက်မတည့်သော ဦးဆောင်မှုကြောင့်ပင် တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲမှရမည်ဟု ယုံကြည်၍ လက်နက်ကိုင်လမ်းစဉ်သို့ ကူးပြောင်းခဲ့ကြသည့် လူထု အဖွဲ့အစည်းများကသပ်သပ်၊ လူထုအဖွဲ့အစည်းက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် ကြိုးစားလာမှသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းကာ နောက်ကလိုက်ပါလာသည်ကသပ်သပ်ဖြစ်ကာ မြေပြင်တွင် ပဋိပက္ခများစွာကို ပေါ်ပေါက်လာစေခဲ့တော့သည်။

ဤသို့သော အစီအစဉ်မကျသည့် တော်လှန်ရေးကဏ္ဍကို ဦးဆောင်မှုနေရာကသာ ပါဝင်လိုသည့် NUG အစိုးရကို ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် မည်သို့ယုံကြည်ကြပါမည်နည်း။ ၄င်းတို့ကို ဦးဆောင်နေသည့် အစိုးရတစ်ရပ်အဖြစ် မည်သို့လက်ခံကြပါမည်နည်း။ တော်လှန်ရေးလမ်းကြောင်းတွင် လျှောက်လှမ်းလာကြသည့်အဖွဲ့အစည်းတစ်ရပ်အပေါ် လေးစားသောကြောင့်လည်းကောင်း၊ အနာဂတ်ပေါင်းများစွာကို စွန့် လွှတ်ကာ တော်လှန်ရေးဘဝသို့ ကူးပြောင်းလာကြသည့် လူငယ်များအပေါ် စာနာသောကြောင့်လည်းကောင်း၊ နယ်မြေနှင့် အမျိုးသားအကျိုးစီးပွားကို အခြေခံသည့်တော်လှန်ရေးလမ်းကြောင်းတွင် အတိုင်းအတာတစ်ခုအထိ အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြင့်လည်းကောင်း တော်လှန်ရေးဆင်နွှဲရန် ဘေးတိုက်ပူးပေါင်းခြင်းကလွဲ၍ ဦး ဆောင်မှုအခန်းကဏ္ဍကိုမူ ယခုထိပေးမထားခဲ့ပါချေ။ ထိုသို့ပေးမထားသည့် အချက်များ၏ နောက်ကွယ်တွင် တရုတ်အစိုးရ၏ NUG အစိုးရအပေါ် ထားရှိသော သဘောထားကလည်း အရေးပါသည့်ကဏ္ဍတစ်ရပ်အဖြစ် ရှိနေ မည်မှာ အသေအချာပင် ဖြစ်တော့သည်။ မြန်မာပြည်အတွင်းရှိ အစိုးရအဆက်ဆက်အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် တရုတ်အစိုးရ၏ ပထဝီဝင်နိုင်ငံရေးနှင့် နိုင်ငံရေးဘောဂဗေဒအရ လွှမ်းမိုးချုပ်ကိုင်လာမှုများ ကို ဆန့်ကျင်ရန်မှာ ခက်ခဲလွန်းလှသည် မဟုတ်ပါလား။

Mauk Lao Leng
(Mauk Lao Leng သည် ပြည်တွင်းစစ်ရေး၊ နိုင်ငံရေးအခြေအနေများကို လေ့လာသုံးသပ်နေသော လွတ်လပ်သည့် နိုင်ငံရေးသုတေသီတစ်ဦး ဖြစ်သည်။)

related posts

Leave a Comment