10
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို စစ်တပ်က ဩဂုတ် ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) နဲ့ ဒေသခံသတင်းအချက်အလက်တွေအရ သိရပါတယ်။
ဩဂုတ် ၁၇ ရက် မနက် ၁၁ နာရီ ၅၀ မိနစ်လောက်မှာ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာကို တပ်က ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၄၈ နှစ်အရွယ် ဒေါ်သန်းမေနုရဲ့ နဖူးမှာ ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့သလို အရပ်သားနေအိမ် ၃ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၁၈ ရက် မနက် ၉ နာရီ ၁၈ မိနစ်လောက်မှာလည်း တံတားဦးလေတပ်ကနေ ပျံတက်လာတဲ့ Yak-130 ဂျက်တိုက်လေယာဉ်တစ်စီးဟာ ရသေ့တောင်မြို့နယ်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ လေယာဉ်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။