မြန်မာစစ်တပ်ရဲ့ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက် လေကြောင်းတိုက်ခိုက်မှုတွေမှာ ဂျက်တိုက်လေယာဉ် အုပ်စုလိုက်သုံးပြီး တိုက်ခိုက်တာတွေကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် (AA) က ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ AA တို့ဟာ စစ်မျက်နှာ ၇ ခုမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တွေ-ပုဏ္ဏကျွန်း မြို့အစပ်မှာ တပ်ဘက်က ထိုးစစ်ကြီး ဆင်နွှဲခဲ့ပေမယ့် တပ်လန်ကာ စစ်ရှုံးနေတယ်လို့ ဆိုပါတယ်။
မြေပြင်ထိုးစစ်က တိုးမပေါက်တာကြောင့် ရခိုင်ဒေသရှိ မြို့နဲ့ရွာတွေကို လေကြောင်းကနေ အလှည့်ကျ လှည့်ပတ်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လူ ၅၀ ဦး သေဆုံးခဲ့ရတယ်လို့ AA က ဆိုပါတယ်။
အလားတူ မနေ့က အောက်တိုဘာ ၁ ရက် နေ့လယ် ၁ နာရီခန့်မှာလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းကို တပ်ဘက်က တိုက်လေယာဉ် အုပ်စုလိုက်နဲ့ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူပြီး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်ချုပ်အဖြစ် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်မှာ တာဝန်လွှဲပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။
တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက် ၅ လတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁,၅၈၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ISP Myanmar က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထဲမှာ မကွေးတိုင်းကို အများဆုံးပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှု စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကျော်၊ ၃၂၂ ကြိမ်ထက်မနည်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်အတွင်း ၃၀၁ ကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း ၂၄၂ ကြိမ်ထက်မနည်း ရှိကာ ရခိုင်ပြည်နယ်မှာတော့ ၂၂၂ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နိုင်ငံအနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို ပိုမိုဦးတည်နေတယ်လို့ ISP Myanmar က ဆိုပါတယ်။
လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နဲ့ရွာတွေကို နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။