Home » နမ့်ဆန်မှာ လက်ဖက်ခူးနေတဲ့ အမျိုးသမီး ၂ ဦး ပျားပိတုန်းတုတ်ခံရ၍ သေဆုံး

နမ့်ဆန်မှာ လက်ဖက်ခူးနေတဲ့ အမျိုးသမီး ၂ ဦး ပျားပိတုန်းတုတ်ခံရ၍ သေဆုံး

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မန်စုံကျေးရွာမှာ လက်ဖက်ခူးနေစဉ် ပျားပိတုန်းတုတ်ခံရတဲ့ အမျိုးသမီး ၂ ဦးဟာ စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ သေဆုံးခဲ့ရတယ်လို့ တအာင်းတပ် (TNLA) ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီခွဲအချိန်မှာ အသက် ၄၇ နှစ်အရွယ် ဒေါ်မိုး‌ဌေးနဲ့ အသက် ၄၉ နှစ်အရွယ် ဒေါ်လှမြိုင်တို့ဟာ လက်ဖက်ခူးနေစဉ် ပျားပိတုန်းတုတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ပျားပိတုန်းတုတ်ခံရမှုကြောင့် ဒေါ်မိုး‌ဌေးမှာ ဆေးရုံသို့ မပို့ဆောင်ခဲ့ရဘဲ စက်တင်ဘာ ၁၉ ရက် ည ၆ နာရီခွဲအချိန် ၎င်းရဲ့ နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်လှမြိုင်ကိုတော့ နမ့်ဆန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့ပြီး ဆရာဝန်ရဲ့ ပြောကြားချက်အရ ပျားပိတုန်းတုတ်ခံရပြီးနောက် မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဖူးရောင်တာ၊ အသက်ရှူကြပ်တာ၊ သွေးပေါင်ချိန် အလွန်အမင်းကျဆင်းတာနဲ့ သတိလစ်တာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာကြောင့် ဆရာဝန်မှ အသက်ကယ်ဆေးထိုးပေးခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ရာ စက်တင်ဘာ ၂၀ ရက် မနက် ၅ နာရီအချိန်မှာ သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ပျားနဲ့ အခြားအင်းဆက်ပိုးမွှားတွေ တုတ်ခံရပြီးနောက် အသက်ရှူကြပ်တာ၊ မျက်နှာနဲ့ ခန္ဓာကိုယ်ဖူးရောင်တာ၊ မူးဝေတာ (သို့မဟုတ်) သတိလစ်တာတို့ ဖြစ်ပေါ်လာပါက အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် အနီးဆုံးဆေးရုံကို အမြန်ဆုံးပို့ဆောင်၍ ဆေးကုသမှုခံယူသင့်တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment