Home » AA ထိန်းထားတဲ့ ကျောက်တော်ကို တပ်က ဂျက် ၄ စီးနဲ့ ဗုံးကြဲ

AA ထိန်းထားတဲ့ ကျောက်တော်ကို တပ်က ဂျက် ၄ စီးနဲ့ ဗုံးကြဲ

by Homeland Author

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ဇွန်လ ၁၇ ရက် ညနေ ၃ နာရီခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးနဲ့ တစ်နာရီနီးပါး နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပထမအကြိမ် ဂျက်ဖိုက်တာ ၂ စီးဖြင့် ကျောက်တော်မြို့ပေါ်ရှိ ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကတ-၃ လမ်းမ အပါအဝင် စုစုပေါင်း နေရာ ၅ ခုကို Rocket သီး ၁၃ လုံး နဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒုတိယအကြိမ်မှာလည်း ဂျက်ဖိုက်တာ ၂ စီးဖြင့် ကျောက်တော်မြို့၊ လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ပေါင် ၃၀၀ ဗုံး ၁ လုံး နဲ့ Rocket သီး ၂ လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
တစ်နာရီနီးပါးကြာတဲ့ အဲဒီ လေကြောင်းတိုက်ခိုက်မှုအတွင်း ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူနေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေအပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
 
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက် ည ၁၂ နာရီအချိန်ခန့်မှာလည်း ဂွမြို့နယ်၊ အမှတ် (၁၁) တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှာလည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ တောလယ်ရပ် အရှေ့ဘက်ရှိ ရေနံတူးရာအနီးတစ်ဝိုက်သို့ စစ်တပ်က အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နွား ၂ ကောင် သေဆုံးသွားခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း မင်းပြားမြို့နယ် နဲ့ ကျောက်တော်မြို့နယ်အတွင်း စစ်တပ် ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၁ စီးနဲ့ မိနစ် ၄၀ ခန့်ကြာတဲ့ အထိ တရစပ် မရပ်မနား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ပြောပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တို့မှာလည်း စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment