Home » AA သိမ်းထားတဲ့ ငပလီကို တပ်က လေယာဉ် အုပ်စုလိုက် ဗုံးကြဲ

AA သိမ်းထားတဲ့ ငပလီကို တပ်က လေယာဉ် အုပ်စုလိုက် ဗုံးကြဲ

by Homeland Author

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက ငပလီမြို့ကို စစ်တပ်က လေယာဉ် အုပ်စုလိုက် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီနေ့ နံနက် ၁ နာရီခန့်က စတင်၍ သံတွဲခရိုင် ငပလီမြို့ ငပလီကမ်းခြေတစ်ကြောကို ၂ နာရီကြာ ဗုံး အလုံးရေ ၁၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သံတွဲဒေသခံတစ်ဦးက “စစ်တပ်က AA နဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်တော့လို့ သူတို့ ပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို ဗုံးကြဲဖျက်ဆီးတာလားတော့ မသိဘူး။ အဲမှာက စစ်တပ်ပိုင်တဲ့ ဟိုတယ်တွေ များတယ်” လို့ ပြောပါတယ်။

တပ်က ငပလီကမ်းခြေကို ဂျက်ဖိုက်တာ ၈ စီး၊ Y-12 ၂ စီး စုစုပေါင်း ၁၀ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်ကလည်း သံတွဲမြို့အနီးတစ်ဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအဖနှစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

အလားတူ စစ်တပ်က ဩဂုတ် ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်ဆက် ရသေ့တောင်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

AA ထိန်းချုပ်ထားတဲ့ မြို့နဲ့ ကျေးရွာတွေကို တပ်က လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိမှုနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေ တိုးလာနေတယ်လို့ AA က ဆိုပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူမှာလည်း စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment