စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်မှု အားနည်းနေချိန်မှာ ကျေးရွာအုပ်စုတွေထံမှ စစ်တပ်က စစ်မှုထမ်းအင်အား တောင်းခံမှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွား အကျပ်အတည်းနဲ့ မကျေနပ်မှုတွေ ပိုမိုမြင့်တက်လျက်ရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု စုစုပေါင်း ၇၆ အုပ်စု၊ ရပ်ကွက် စုစုပေါင်း ၆ ခု ရှိတဲ့အနက် လက်ရှိမှာ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်တာဟာ ၄၉ အုပ်စုသာ ရှိသေးကြောင်း သိရပါတယ်။
အဲဒီ အခြေအနေမှာ ဟုမ္မလင်းခရိုင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ကျေးရွာအုပ်စု (၃၁) အုပ်စုထံသို့ စစ်မှုထမ်းဖို့အတွက် အုပ်စုကြီးလျှင် (၂၀) ဦး၊ အုပ်စုငယ်လျှင် (၁၀) ဦးနှုန်းဖြင့် ပေးအပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒေသခံများအနေဖြင့် စစ်မှုထမ်းဥပဒေအရ အကောင်အထည်ဖော်မှုတွေကို အထိုက်အလျောက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သော်လည်း ပြည်သူတို့ရဲ့ စားဝတ်နေရေးနဲ့ တိုက်ရိုက်သက်ဆိုင်သော တရားဝင် ငါးဖမ်းဆီးခွင့် တောင်းဆိုမှုတွေကို အာဏာပိုင်တွေဘက်မှ လစ်လျူရှုထားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စည်ပင်သာယာဆိုင်ရာ ဝက်သားသတ်လိုင်စင်တွေကို စီးပွားရေးလုပ်ငန်းရှင် တစ်ဦးတည်းထံ သီးသန့်ထုတ်ပေးထားခြင်းကြောင့် ဈေးကွက်ထိန်းချုပ်ခံရပြီး ကုန်ဈေးနှုန်းတွေ အလွန်အမင်း မြင့်တက်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နယ်မြေမတည်ငြိမ်မှုကြောင့် လယ်ယာမြေ လုပ်ကိုင်နိုင်ခြင်း မရှိတဲ့အပြင် လမ်း၊ တံတား၊ စာသင်ကျောင်း စတဲ့ အခြေခံအဆောက်အအုံနဲ့ ပညာရေးထောက်ပံ့မှုတွေ လုံးဝမရရှိခဲ့ကြောင်း ပြောပါတယ်။
အခြေခံလိုအပ်ချက်တွေ တောင်းဆိုပါက နယ်မြေမတည်ငြိမ်ဟု အကြောင်းပြ၍ ပယ်ချလေ့ရှိသော်လည်း စစ်မှုထမ်းဖို့အတွက်ကိုတော့ ဖိအားပေးတောင်းဆိုနေတဲ့အပေါ် ဒေသခံလူငယ်တွေကြား မကျေနပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်၍ ဒေသခံလူငယ်တစ်ဦးက “ငါတို့ ဒေသခံတောင်သူတွေ တောင်းတာကျမရဘူး။ လမ်းလည်း မလာ၊ တံတားလည်း မလာ၊ ကျောင်းလည်း မလာဘူး။ တစ်ခါမှ အစိုးရ အထောက်အပံ့ မရဖူးဘူး။ ဆရာ/ဆရာမလည်း မပြည့်၊ ကျောင်းဆောင်သစ်လည်း မရဘူး။ ဘာတောင်းတောင်း ဒေသမတည်ငြိမ်တာပဲ အကြောင်းပြတယ်။ စစ်မှုထမ်းကျတော့ တောင်းတယ်။ အစိုးရကတောင် ငါတို့ကို မကြည့်တာ၊ ဘယ်သွားသေရမယ်မှန်းမသိတော့ စစ်မှုထမ်းထဲ မဝင်တော့ဘူး၊ SNA ပဲဝင်ပြီး ငါတို့ ရှမ်းဒေသကိုပဲ ကာကွယ်တော့မယ်၊ သေရင်လည်း ရှမ်းဒေသမှာပဲ သေမယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့ကာ အကောင်အထည်ဖော်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဦးမင်းအောင်လှိုင်က ၂၀၂၆ ဇူလိုင်လ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။