Home » ပဋိပက္ခကြောင့် ထိခိုက်သူ လူ ၁ သိန်းကျော်ကို ICRC အကူအညီပေး

ပဋိပက္ခကြောင့် ထိခိုက်သူ လူ ၁ သိန်းကျော်ကို ICRC အကူအညီပေး

by Homeland Author

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာ မြန်မာနိုင်ငံတလွှား လက်နက်ကိုင် ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ အရေးပေါ်အခြေအနေတွေကြောင့် ထိခိုက်ခံစားရသူ ၁၂၀,၀၀၀ ကျော်ဆီ ရောက်ရှိခဲ့ပြီး အရေးပေါ်နဲ့ ရေရှည် လူသားချင်းစာနာမှု အကူအညီတွေ ပေးခဲ့တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ICRC ဟာ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူတွေနဲ့ ထိခိုက်ခံရတဲ့ ရပ်ရွာလူထုတွေကို အထောက်အပံ့တွေ ပေးဖို့၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့၊ ရေ၊ မိလ္လာနဲ့ နေထိုင်ဖို့ အမိုးအကာတွေ ရရှိမှု ပိုမိုကောင်းမွန်လာစေဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်လူမှုရေးပိုင်းဆိုင်ရာ အထောက်အပံ့၊ အကာအကွယ်ပေးရေး ဝန်ဆောင်မှုတွေ၊ မိသားစု အဆက်အသွယ်တွေ ပြန်လည်ရရှိရေးနဲ့ ပေါက်ကွဲမှုဘေး အန္တရာယ် အသိပညာပေးတာတွေကို ပံ့ပိုးပေးဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးကို အထောက်အပံ့ဖြစ်စေမယ့် စီးပွားရေးဆိုင်ရာ အထောက်အပံ့အနေနဲ့ လူ ၅ သောင်းကျော်ကို ၎င်းတို့ရဲ့ အစားအစာ ထုတ်လုပ်မှုကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ မျိုးစေ့တွေ၊ စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာတွေနဲ့ သဘာဝမြေဩဇာတွေကို ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ လူပေါင်း ၁၃,၀၀၀ ကျော်ကို အိမ်သုံးပစ္စည်းတွေနဲ့ သန့်ရှင်းရေး ပစ္စည်းများ၊ လူပေါင်း ၁၂,၀၀၀ နီးပါးကို အရေးပေါ် စားနပ်ရိက္ခာ ခွဲတမ်းများ၊ အိမ်ထောင်စု ၂၀,၀၀၀ ကျော်ကို ၎င်းတို့ရဲ့ တိရစ္ဆာန်တွေကို ရောဂါဘေးကနေ ကာကွယ်ပေးနိုင်ခဲ့တယ်လို့ ICRC က ဆိုပါတယ်။

ကျန်းမာရေးဆိုင်ရာ အထောက်အပံ့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆောက်အအုံ ၂၀ ကို မရှိမဖြစ် အရေးကြီးတဲ့ ဆေးပစ္စည်းနဲ့ ဆေးဝါးတွေ ပံ့ပိုးပေးခဲ့ပြီး ဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ လူပေါင်း ၅,၀၀၀ နီးပါးဟာ ICRC က ပံ့ပိုးကူညီထားတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ အရေးပေါ် ပြုစုစောင့်ရှောက်မှုတွေ လက်ခံရရှိခဲ့ကြောင်း၊ လူနာ ၁၀,၀၀၀ နီးပါးဟာ ဆေးရုံမှာ စောင့်ရှောက်မှု ခံယူနိုင်ဖို့ အရေးပေါ် ဆေးဘက်ဆိုင်ရာ ပို့ဆောင်တာ သို့မဟုတ် လွှဲပြောင်းပေးတာတွေ အကျိုးဖြစ်ထွန်းခဲ့တယ်လို့ ဆိုပါတယ်။

ပဋိပက္ခကြောင့် ထိခိုက်ခဲ့တဲ့ လူပေါင်း ၆၀၀ နီးပါးဟာ ၎င်းတို့ရဲ့ ဆေးကုသမှု သီးသန့်အတွက် အထောက်အပံ့ကို ရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုဘေးကနေ အသက်ရှင်လွတ်မြောက်လာသူတွေ အပါအဝင် မသန်စွမ်းသူ ၂,၇၀၀ နီးပါးဟာ ICRC က ပံ့ပိုးကူညီထားတဲ့ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနတွေမှာ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုတွေ ရရှိခဲ့ပါတယ်။

ဝေးလံပြီး ရောက်ရှိဖို့ ခက်ခဲတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ မသန်စွမ်းသူပေါင်း ၄၃၀ နီးပါးကိုလည်း ရွေ့လျား ခြေတုပြုပြင်ခြင်း ခရီးစဉ်တွေနဲ့ ဝန်ဆောင်မှု ဆောင်ရွက်ခဲ့သလို လူနာတွေရဲ့ လှုပ်ရှားသွားလာမှု ပြန်လည်ကောင်းမွန်လာစေဖို့ အထောက်အကူပြုကိရိယာ (ခြေတု၊ လက်တုနဲ့ အားပြုကိရိယာ) ၁,၃၀၀ နီးပါး ထုတ်လုပ်ပြီး ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာသူ လူပေါင်း ၄,၂၀၀ ကျော်ကို ၎င်းတို့ရဲ့ နေအိမ်ဆီ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့ ပံ့ပိုးကူညီခဲ့သလို မိသားစုပေါင်း ၂,၀၀၀ နီးပါးဟာ အကျဉ်းထောင်ထဲရှိ ၎င်းတို့ ချစ်ခင်ရသူတွေဆီ သွားရောက်တွေ့ဆုံဖို့ အထောက်အပံ့တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကို အများသိရှိလာအောင် ဆောင်ရွက်တာ၊ ရပ်ရွာလူထုနဲ့ ထိတွေ့ဆက်သွယ် ဆောင်ရွက်တာ၊ ပေါက်ကွဲမှုအန္တရာယ် အသိပညာနဲ့ ဘေးကင်းစေရေး အမူအကျင့်တွေကို မြှင့်တင်ပေးတာတွေကိုလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် (၂၀၂၆ ဇန်နဝါရီ – ဇွန်) အတွင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

related posts

Leave a Comment