Home » ကလေး-တမူးလမ်းကြောင်း စစ်တပ် အလုံးစုံ ထိန်းချုပ်

ကလေး-တမူးလမ်းကြောင်း စစ်တပ် အလုံးစုံ ထိန်းချုပ်

by Homeland Author

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကလေး – တမူး ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုလုံးကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ စစ်တပ်က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ဟာ ကလေး-တမူး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဇွန်လ ၇ ရက်နေ့ကတည်းက တမူးမြို့ဘက်က စစ်ကြောင်းတစ်ခု၊ ကလေးမြို့ဘက်က စစ်ကြောင်းတစ်ခုနဲ့ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဆိုပါ စစ်ကြောင်းတွေဟာ ကလေးနဲ့ တမူးကြားက ကျေးရွာအများအပြားကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့မှာတော့ ခါမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ခါမ်းပတ်မြို့ မြောက်ဘက်ရှိ ကနန်ကျေးရွာ၊ ကမ္မကြီး (ချင်း)ရွာ၊ ကမ္မကြီး (ဗမာ) ရွာ၊ ထင်းဇင်ရွာသစ်၊ ရန်တိုင်းအောင်ကျေးရွာ၊ တွီဘန်ကျေးရွာ စတဲ့ကျေးရွာတွေကို အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဇူလိုင် ၃၁ ရက်နေ့မှာတော့ ကလေး-တမူးလမ်းကြောင်းတစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး လမ်းကြောင်းတစ်လျှောက်ကို အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်လို့ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေအနေနဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ တမူးမြို့ကနေတစ်ဆင့် ကလေး၊ မုံရွာနဲ့ မန္တလေးမြို့တွေအထိ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်တော့မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုနဲ့ ဒေသတွင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအတွက်လည်း အခက်အခဲမရှိ ပြန်လည်အသုံးပြုနိုင်တော့မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ် ပြန်လည်ထိန်းချုပ်လိုက်တဲ့ လမ်းကြောင်းဟာ အိန္ဒိယနိုင်ငံ မိုရ်ရေးမြို့မှ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ၁၄၀၀ ကီလိုမီတာ (၈၄၅) မိုင် ရှည်လျားတဲ့ သုံးနိုင်ငံနယ်စပ်ဖြတ်ကျော် လမ်းမကြီး စီမံကိန်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

အဆိုပါ ကလေး – တမူးလမ်းကြောင်းနဲ့ ကလေးဝ – ယာကြီး – မုံရွာလမ်းကြောင်းတွေဟာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ဒေသကို အိန္ဒိယနိုင်ငံနဲ့ ချိတ်ဆက်ပေးတဲ့ အရေးပါတဲ့ ကုန်းလမ်း ဆက်သွယ်ရေးလမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို ၅ ရက်တာ သွားရောက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment