ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် နှစ်နှစ်နီးပါးကြာလာပြီဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းကို လုံးဝရပ်တန့်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က ဩဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းလာကြတဲ့အခါ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့မှာ စစ်ပွဲတွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးကြရပြီး စစ်ဘေးရှောင်ဘဝဖြင့် တစ်နယ်တစ်ကျေးမှာ ဒုက္ခကြီးစွာရောက်ကြရတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ KIA တို့မှ မိုးမောက်မြို့၊ မံစီမြို့တွေကို သိမ်းပိုက်ပြီး ဗန်းမော်မြို့ကို တိုက်ခိုက်ခဲ့ကြောင်း ပြည်သူလူထုတွေဟာ အနီးဆုံးမြို့ဖြစ်တဲ့ ရွှေကူမြို့သို့ စစ်ဘေးတိမ်းရှောင် နေထိုင်ကြရတယ်လို့ ဆိုပါတယ်။
KIA တို့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာဟာ တစ်နှစ်ကျော်နှစ်နှစ်နီးပါးရှိလာပါပြီဖြစ်ပြီး KIA တို့ဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF တွေကို ဆင့်ခေါ်၍လည်းကောင်း၊ ဒေသခံတိုင်းရင်းသားလူမျိုးတွေကို အတင်းအကြပ်ဖမ်းဆီး၍လည်းကောင်း အင်အား စုဆောင်းကာ ဗန်းမော်စစ်မြေပြင်သို့ စေလွှတ်ခဲ့တယ်လို့ TNDP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။