အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ NDAA မိုင်းလားအဖွဲ့တို့ဟာ ဩဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မိုင်းလားဒေသကို ပိုပြီးမြင့်မားတဲ့ အဆင့်အတန်းတစ်ခု ရောက်ရှိအောင် တည်ဆဲဥပဒေတွေနဲ့အညီ ညှိနှိုင်းပေးသွားမယ်လို့ ပြောပါတယ်။
သူက “မိုင်းလားဒေသကို မြင့်မားတဲ့ အဆင့်အတန်းတစ်ခု ရောက်အောင် တည်ဆဲဥပဒေတွေနဲ့အညီ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လိုလားချက်တွေကို ပြေလည်အောင် ညှိနှိုင်းပေးမှာ ဖြစ်သလို ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကိုလည်း ဆွေးနွေးဆောင်ရွက်ပေးမှာပါ။ အချို့ နိုင်ငံရေးဆိုင်ရာ လိုလားချက်တွေကိုတော့ အဆင့်လိုက် လုပ်ဆောင်ရတာရှိပြီး ဌာနဆိုင်ရာတွေမှာလည်း သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိတာမို့ ညှိနှိုင်းဆောင်ရွက်ရတာတွေ ရှိပါတယ်” လို့ ပြောသွားတာပါ။
ဒါ့အပြင် အခုဆွေးနွေးပွဲမှာ လိုအပ်ချက်တွေကို နှစ်ဖက်လုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး၊ ပိုကောင်းတဲ့ အရွေ့တစ်ခုရအောင် ညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုပါတယ်။
NDAA မိုင်းလားအဖွဲ့ဘက်ကတော့ ဒေသဖွံ့ဖြိုးရေး၊ ကျိုင်းတုံ – မိုင်းလား လမ်းမကြီး ပြုပြင်ရေး၊ မိုင်းယု – ကျိုင်းယန်းတံတား ပုံမှန်ပြန်ဖြတ်သန်းနိုင်ရေးနဲ့ နယ်စပ်ဒေသ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေကို ဆက်လက်မြှင့်တင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ဒေသထွက် စိုက်ပျိုးရေး ထုတ်ကုန်တွေအတွက်လည်း မူဝါဒပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးဖို့ နိုင်ငံတော်ဘက်ကို တောင်းဆိုဆွေးနွေးခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က မိုင်းလားမှာ တွေ့ဆုံစဉ်တုန်းကလည်း တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဆက်လက်စွဲမြဲ ဆုပ်ကိုင်ထားတယ်လို့ မိုင်းလားအဖွဲ့ဘက်က ပြောထားခဲ့ပါတယ်။


