ရခိုင်ပြည်နယ် မင်းပြားမြို့နဲ့ ပေါက်တောမြို့တို့ရဲ့ အမည်ပြောင်းလဲခြင်း အခမ်းအနားကို အာရက္ခတပ်တော် (ULA/AA) က ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီမှာ တစ်ချိန်တည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားမှာ မင်းပြားမြို့ကို အဥ္ဇနပူရမြို့ အဖြစ်၊ ပေါက်တောမြို့ကို ဝီရဌာနီမြို့ အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။
မြို့အမည်ပြောင်းလဲခြင်း အခမ်းအနားကို ULA/AA မှ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ၊ ဝန်ထမ်းတွေ၊ AA စစ်သည်တွေနဲ့ ဒေသခံပြည်သူအများအပြား တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ULA/AA ရဲ့ ရှင်းလင်းချက်အရ အဥ္ဇနပူရ ဆိုတဲ့အမည်ဟာ ပါဠိ/သက္ကတအခြေခံ အမည်ဖြစ်ပြီး “အဉ္ဇန” က သမိုင်းဝင် အဉ္ဇနမြစ်ကို ရည်ညွှန်းကာ “ပူရ” က “မြို့” လို့ အဓိပ္ပာယ်ရတာကြောင့် “အဉ္ဇနမြစ်ရဲ့မြို့” လို့ အဓိပ္ပာယ်ဖော်ဆောင်ထားတယ်လို့ ဆိုပါတယ်။
အလားတူ ဝီရဌာနီ ဆိုတဲ့အမည်မှာလည်း “ဝီရ” (သူရဲကောင်း၊ ရဲရင့်သူ) နဲ့ “ဌာနီ” (မြို့၊ နေရာ) ဆိုတဲ့ ပါဠိစကားလုံးတွေကို ပေါင်းစပ်ထားပြီး “သူရဲကောင်းတို့ရဲ့မြို့”၊ “ရဲစွမ်းသတ္တိကို ကိုယ်စားပြုတဲ့မြို့” သို့မဟုတ် “သူရဲကောင်းများ နေထိုင်ရာမြို့” လို့ အဓိပ္ပာယ်ရကြောင်း ဖော်ပြထားပါတယ်။