ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်အတွင်းက ထန်တလန်မြို့ကို စစ်တပ်က အလုံးစုံ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဇူလိုင် ၁၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထန်တလန်မြို့ကို ချင်းတပ်ဖွဲ့တွေဖြစ်တဲ့ CNF၊ CDF ပူးပေါင်းတပ်တို့က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစပြီး လုံခြုံရေးတပ်ဖွဲ့တွေကို သာလွန်အင်အားတွေ၊ လက်နက်ကြီးတွေ အဆမတန်အသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ ထိုးစစ်တွေကြောင့် စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ထန်တလန်မြို့ကနေ ခေတ္တဆုတ်ခွာခဲ့ရပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာအတွင်းမှာတော့ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) ဖြင့် ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ချင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ဒုတိယအကြိမ် CNF၊ CDF ပူးပေါင်းတပ်တို့က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထန်တလန်မြို့ရှိ နေရာအချို့ကို စစ်တပ်က စွန့်လွှတ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။