Home » ဒေသခံတွေ ကန့်ကွက်နေသည့်ကြားက နမ့်ကိုးတန်ချောင်းမှာ ရွှေတူးဖို့ ဆောင်ရွက်နေ

ဒေသခံတွေ ကန့်ကွက်နေသည့်ကြားက နမ့်ကိုးတန်ချောင်းမှာ ရွှေတူးဖို့ ဆောင်ရွက်နေ

by Homeland Author

ဟုမ္မလင်းမြို့နယ် ကောယားအုပ်စု၊ စံကပ်ကျေးရွာအနီးရှိ နမ့်ကိုးတန်ချောင်းဖျားမှာ ရွှေသတ္တုတူးဖော်ဖို့ စီစဉ်နေတာကြောင့် ချောင်းအောက်ပိုင်းရှိ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးနိုင်တဲ့အတွက် ကောယားအုပ်စုအတွင်းရှိ ကျေးရွာတွေက ဒေသခံရွာသူရွာသားတွေနဲ့ တောင်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်လျက်ရှိတယ်လို့ သိရပါတယ်။

ရွှေသတ္တု မတူးဖော်ဖို့ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက လုပ်ငန်းရှင်တွေဟာ ရွှေတူးဖို့ ပြင်ဆင်နေတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ တားမြစ်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာပဲ ဖြစ်ပါတယ်။

အဲဒီ ရွှေသတ္တုတူးဖော်မှု ပြင်ဆင်နေတဲ့ ကိစ္စနဲ့ပတ်သက်၍ တုံလုံးကျေးရွာ၊ တုံမာဟဲကျေးရွာနဲ့ စံကပ်ကျေးရွာတို့မှ ဒေသခံတွေက မိမိတို့ရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးက “နမ့်ကိုးတန်ချောင်းဖျားမှာ ရွှေတူးဖော်မှု မပြုလုပ်ဖို့ တားနေကြပေမယ့်လည်း လုပ်ငန်းရှင်တွေက ရွှေတူးဖို့ လုပ်နေကြပြီ။ အဲဒါကို တားပေးဖို့ ထပ်မံတောင်းဆိုပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ကျေးရွာခေါင်းဆောင်တွေနဲ့ ဒေသခံ တောင်သူလယ်သမားတွေဟာ နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိဘဲ လက်ရှိမှာ ရွှေတူးဖော်ဖို့ ပိတ်တန်းတွေ တူးဖော်နေသလို ရွှေလုပ်သားတွေနေထိုင်ဖို့ တဲတွေလည်း ဆောက်လုပ်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရွှေသတ္တုတူးဖော်ခြင်းကြောင့် စိုက်ပျိုးမြေတွေ ပျက်စီးခြင်း၊ ချောင်းအောက်ပိုင်းရှိ လယ်ယာမြေတွေနဲ့ လက်ဖက်စိုက်ခင်းတွေအတွင်းသို့ မြေစာနဲ့ ဓာတုပစ္စည်းတွေ စီးဝင်ကာ စိုက်ပျိုးမြေများ ရေရှည်ပျက်စီးနိုင်ခြင်း၊ ရေပေးဝေရေးစနစ် ထိခိုက်ခြင်း၊ စိုက်ပျိုးရေးအတွက် အဓိကအားထားနေရတဲ့ ရေပေးဝေရေးဆည်တွေ တိမ်ကောပျက်စီးသွားနိုင်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် လုပ်ကိုင်စားသောက်ဖို့ မြေနဲ့ ရေအရင်းအမြစ်တွေ ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။

ဒေသခံတောင်သူတွေဟာ မိမိတို့ရဲ့ လူမှုစီးပွားဘဝနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက် ဆက်လက် ကန့်ကွက်သွားဖို့ ပြင်ဆင်နေကြကြောင်း Homeland News Agency ကို ပြောပါတယ်။

related posts

Leave a Comment