စစ်တပ်အနေဖြင့် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ အမှန်တကယ်ဆန္ဒရှိပါက လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) က ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ချင်းပြည်ကောင်စီရဲ့ တတိယအကြိမ် ကောင်စီအစည်းအဝေး ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
စစ်တပ်အနေဖြင့် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ အမှန်တကယ်ဆန္ဒရှိပါက အရပ်သားပြည်သူ အဆောက်အဦးတွေ၊ ကျန်းမာရေး၊ ပညာရေး နဲ့ သာသနာရေး အဆောက်အဦးတွေ အပါအဝင် အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းရမယ်လို့ ဆိုပါတယ်။
စစ်ဘေးဒဏ်သင့် အရပ်သားပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လွတ်လပ်စွာ ဝင်ရောက်စေခြင်း၊ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းတွေ ရပ်ဆိုင်းခြင်း နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို ကနဦးဆောင်ရွက်ခြင်းဖြင့် သက်သေပြရမယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ၎င်းတို့ ကိုယ်တိုင်က တစ်ဖက်သတ် စိတ်ကြိုက်ဖွဲ့စည်းလိုက်တဲ့ အစိုးရကို တရားဝင် ဒီမိုကရေစီအစိုးရအဖြစ် အသိအမှတ်ပြုနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။
ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းသုံးချက် စစ်ရေး အရှိန်မြင်လာခြင်း၊ အပြစ်မဲအရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပိုမိုအကြမ်းဖက်တိုက်ခိုက်လာခြင်း၊ အိမ်နီးချင်း နဲ့ ပြည်ပနိုင်ငံတချို့ရဲ့ ဖိအားကို အသုံးချ၍ တော်လှန်ရေးအင်အားစုတွေကို သီးခြားစီတွေ့ဆုံဆွေးနွေးခြင်းတွေ ပြုလုပ်နေခြင်းအပေါ် အထူးသတိထားရမယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေဖြင့် ပြည်သူလူထုရဲ့ ဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်တွေကို အလေးထာကာ စစ်တပ်အတွက် တရားဝင်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားပြီး ခေတ်စနစ် ပြောင်းလဲရေးကိုသာ ရှေးရှု၍ ပြည်သူ့တော်လှန်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားကြဖို့ကိုလည်း ချင်းပြည်ကောင်စီက တိုက်တွန်းထားပါတယ်။