Home » ဒေသခံတွေကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်တဲ့ SSJAC ရဲ့ ကန့်ကွက်ချက် MNDAA ငြင်းဆို

ဒေသခံတွေကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်တဲ့ SSJAC ရဲ့ ကန့်ကွက်ချက် MNDAA ငြင်းဆို

by Homeland Author

သျှမ်းပြည်မြောက်ပိုင်းက ဒေသခံတိုင်းရင်းသားတွေအပေါ် ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ရဲ့ ကန့်ကွက်ချက်တွေကို MNDAA က ငြင်းဆိုလိုက်ပါတယ်။

တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ ယဉ်ကျေးမှုတွေ ထိခိုက်နေတယ်ဆိုတဲ့ SSJAC ရဲ့ ကန့်ကွက်ချက်တွေကို MNDAA က လက်မခံဘဲ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမယ့် နိုင်ငံရေးနဲ့ လူမှုရေးလှုပ်ရှားမှုတွေကို ပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ “ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) သို့ အိတ်ဖွင့်ပေးစာ” ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

SSJAC က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကန့်ကွက်ချက်တွေအရ MNDAA ဟာ ဒေသခံအများစုနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ်သာမက အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာပါ မဖြစ်မနေ အသုံးပြုဖို့ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လုပ်ကိုင်လာခဲ့တဲ့ မြေယာတွေကို ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းအကျပ် ပြုပြင်ပြောင်းလဲတာနဲ့ သိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

MNDAA ပြဋ္ဌာန်းထားတဲ့ မြေယာဥပဒေနဲ့ အခြားအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေတွေဟာ နိုင်ငံခြားသားတွေ အတားအဆီးမရှိ ဝင်ရောက်လာနိုင်စေပြီး မြေပိုင်ဆိုင်ခွင့်ရရှိနိုင်မယ့် နည်းလမ်းတွေ ဖြစ်ပေါ်လာစေတယ်လို့လည်း SSJAC က ထောက်ပြထားပါတယ်။

အလားတူ သမိုင်းအစဉ်အဆက် ခေါ်ဝေါ်သုံးစွဲလာခဲ့တဲ့ မြို့ရွာအမည်တွေနဲ့ အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်တွေကို ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ သက်ဆိုင်မှုမရှိတဲ့ အမည်နာမနဲ့ ဘာသာစကားတွေ အသုံးပြုပြီး အတင်းအကျပ် အစားထိုးပြောင်းလဲနေတယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ရပ်တွေကို ငြိမ်းချမ်းစွာ ကန့်ကွက်တဲ့ ဒေသခံတွေကိုလည်း ဖမ်းဆီးတာ၊ ဖိနှိပ်တာနဲ့ ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ SSJAC က ထုတ်ပြန်ထားပါတယ်။

အဆိုပါလုပ်ရပ်တွေ ဆက်လက်ဖြစ်ပွားနေပါက ဒေသခံတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ တုံ့ပြန်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမယ်လို့ SSJAC က သတိပေးထားပါတယ်။

အဲဒီကန့်ကွက်ချက်တွေကို တုံ့ပြန်ရာမှာ MNDAA က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ SSJAC ရဲ့ သတိပေးချက်တွေကို လက်မခံကြောင်း ငြင်းဆိုထားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမယ့် နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုတွေနဲ့ နှောင့်ယှက်မှုတွေကို ပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။

သျှမ်းပြည်မြောက်ပိုင်းမှာ သျှမ်း၊ တအာင်း (ပလောင်) နဲ့ မြန်မာဘာသာစကားတွေနဲ့ ရေးသားထားတဲ့ အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်တွေကို MNDAA က ဖြုတ်ချပြီး တရုတ်စာနဲ့ အစားထိုးနေတဲ့အပေါ် ရှမ်းအဖွဲ့အစည်းတွေက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ကန့်ကွက်ခဲ့ကြပါတယ်။

related posts

Leave a Comment