Home » ဟုမ္မလင်း-PDF ရဲ့ ခွင့်ပြုမှုဖြင့် တော်စီရွာရှိ လယ်ယာမြေတွေမှာ ရွှေတူးဖော်မှု ဒေသခံတွေ ကန့်ကွက်

ဟုမ္မလင်း-PDF ရဲ့ ခွင့်ပြုမှုဖြင့် တော်စီရွာရှိ လယ်ယာမြေတွေမှာ ရွှေတူးဖော်မှု ဒေသခံတွေ ကန့်ကွက်

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တော်စီကျေးရွာရှိ လယ်ယာမြေတွေမှာ ဟုမ္မလင်း – PDF ရဲ့ ခွင့်ပြုမှုနဲ့ တရားမဝင် ရွှေတူးဖော်နေမှုကို ဒေသခံတွေက ကန့်ကွက်နေကြတယ်လို့ သိရပါတယ်။

နမ့်စကားချောင်းနဲ့ အနီးဝန်းကျင်ရှိ လယ်ယာမြေတွေမှာ ဒေသခံပြည်သူတွေက နှစ်ရှည်လများ ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ လက်ရှိမှာ ဦးမောင်အိုက်၊ ဦးသောင်းပို၊ ဦးရေပြင်၊ ဦးကျောက်ခဲ အပါအဝင် လူ (၅) ဦးမှ ဦးဆောင်၍ ရွှေသတ္တုတူးဖော်မှုတွေကို အဓိက ကြိုးကိုင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဦးဆောင်သူ ၁ ဦးစီဟာ ဒေသတွင်းလှုပ်ရှားနေတဲ့ ဟုမ္မလင်း – PDF နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆိုသူတွေကို ရွှေဖောင်တစ်ဖောင်လျှင် ကျပ်သိန်း ၇၀၀ နှုန်းဖြင့် ငွေကြေးအများအပြား ပေးဆောင်ပြီး တူးဖော်နေတာလို့ သိရပါတယ်။

ဒေသခံပြည်သူတွေက ၎င်းတို့ရဲ့ စိုက်ပျိုးမြေတွေနဲ့ ချောင်းမြောင်းတွေ ပျက်စီးမှာကို စိုးရိမ်၍ ရွှေတူးဖော်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုနေသော်လည်း အဲဒီ တောင်းဆိုမှုတွေကို လုံးဝလျစ်လျူရှုကာ တူးဖော်မှုတွေ အတင်းအဓမ္မ ဆက်လက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

တော်စီကျေးရွာသားတစ်ဦးက “နမ့်စကားချောင်းကနေ ဝင်ပြီးတိုက်တာ၊ ချောင်းရော ချောင်းဘေးဝဲယာရော မတိုက်ဖို့ တားထားတာလေ။ သူတို့ အဓမ္မဝင်လို့တိုက်တာပေါ့” လို့ ပြောပါတယ်။

ဒေသခံတို့ ကန့်ကွက်ထားတဲ့ တည်နေရာနဲ့ မြေပုံအထောက်အထားတွေအရ ဟုမ္မလင်း – PDF ရဲ့ ခွင့်ပြုချက်နဲ့ ရွှေတူးဖော်နေတဲ့နေရာဟာ တော်စီကျေးရွာနဲ့ ခုံသာကျေးရွာ အနီးဝန်းကျင်ရှိ ယာခင်း နဲ့ စိုက်ပျိုးမြေအမြောက်အများ ပါဝင်နေတာကို တွေ့ရှိရပါတယ်။

အဆိုပါ နမ့်စကားချောင်း ဝဲယာနဲ့ စိုက်ပျိုးမြေတွေမှာ ရွှေတူးဖော်ခြင်းလုပ်ငန်းတွေကြောင့် ဒေသခံကျေးရွာသူ/သားတွေက မိမိတို့ရဲ့ လူမှုစီးပွားဘဝနဲ့ စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်တာကြောင့် ၂၀၁၂ ခုနှစ်ကတည်းက စတင်၍ ကန့်ကွက်ခဲ့ကြတာလို့ သိရပါတယ်။

နမ့်စကားချောင်းဘေးတစ်လျှောက် ရွှေတူးဖော်မှုကြောင့် ပျက်စီးမှုမြင်ကွင်း

အရင်က ဒေသခံရွာသားတွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရွှေတူးဖော်မှု မပြုလုပ်ဖို့ တားမြစ်နယ်နိမိတ်အဖြစ် ကွင်းဆင်းကာ တိုင်စိုက်ထူသတ်မှတ်ခဲ့ပြီး မိမိတို့ရဲ့ စိုက်ပျိုးမြေတွေကို မပျက်စီးဖို့ တစိုက်မတ်မတ်ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၁၉ – ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလမှာ တော်စီကျေးရွာ ဒေါ်အီမိုးပိုင်လယ်ကွက်အနီး အဓမ္မဝင်ရောက် ရွှေတူးဖော်မှုတွေကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဆရာတော်တွေနဲ့ တစ်ရွာလုံးက ဝိုင်းဝန်းတားဆီးခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။

ဒါ့ပြင် မြို့နယ်ဌာနဆိုင်ရာတွေ နဲ့ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူတွေထံပါ ကန့်ကွက်လွှာနဲ့ တိုင်စာတွေ အဆင့်ဆင့်ပေးပို့ တင်ပြခဲ့ကြသော်လည်း ထိရောက်တဲ့ တားဆီးအရေးယူပေးမှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့ သိရပါတယ်။

အရင်အစိုးရအဆက်ဆက်က လျစ်လျူရှုခဲ့ကြတဲ့ အဆိုပါ စိုက်ပျိုးမြေတွေကို လက်ရှိမှာ ဟုမ္မလင်း – PDF တွေက ငွေကြေးအကျိုးအမြတ်ကို ရှေ့တန်းတင်ကာ ဦးမောင်အိုက် အပါအဝင် လူ ၅ ဦးကို ရွှေတူးဖော်ခွင့်တွေ ပေးထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဦးမောင်အိုက် အပါအဝင် လူ ၅ ဦးချောင်းဟာ ရွှေတူးဖော်မှု မပြုလုပ်ဖို့ အရင်က တားမြစ်နယ်နိမိတ်တွေအပါအဝင် နမ့်စကားချောင်းဘေးတစ်လျှောက်ရှိ ဒေသခံတွေ အမှီပြုလုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကိုပါ သိမ်းယူ၍ ရွှေတူးဖော်မှုတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ ၎င်းတို့ရဲ့ လယ်ယာမြေတွေမှာ ရွှေတူးဖော်မှုတွေကို လုံးဝရပ်တန့်ပေးဖို့ လိုလားနေကြပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ လိုလားနေကြပါတယ်။

တော်စီကျေးရွာဟာ အိမ်ခြေ ၁၁၀ ခန့်ရှိပြီး လူဦးရေ ၆ ထောင်ကျော်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ရွာလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းခန့်မှာ အဆိုပါ လယ်ယာမြေတွေကိုသာ အဓိက မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်းပြုနေကြရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment