Home » သျှမ်းပြည်က သတ္တုတွေကို တရုတ် နဲ့ ရုရှား ရယူဖို့ အပြိုင်ကြိုးပမ်း

သျှမ်းပြည်က သတ္တုတွေကို တရုတ် နဲ့ ရုရှား ရယူဖို့ အပြိုင်ကြိုးပမ်း

by Homeland Author

သျှမ်းပြည် မိုင်းတုံမြို့နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ လွယ်ချီလိတ်တောင်ပတ်ဝန်းကျင်မှ အဖြိုက်နက်သတ္တုသိုက်တွေကို တရုတ်နဲ့ ရုရှားတို့က အပြိုင်အဆိုင် ရယူဖို့ ကြိုးပမ်းနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မေလ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လွယ်ချီလိတ်တောင်တန်းရဲ့ တောင်ဘက်မှာ တရုတ်ကုမ္ပဏီတစ်ခုဟာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ပူးပေါင်းပြီး အကြီးစားအဖြိုက်နက်သတ္တုတွင်းတစ်ခုကို မကြာသေးမီက စတင်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ရုရှား ကုမ္ပဏီတစ်ခုဟာလည်း စစ်တပ် နဲ့ ပူးပေါင်း၍ ထိုင်းနယ်စပ်မှ ၂၀ ကီလိုမီတာခန့်အကွာတွင်ရှိတဲ့ လွယ်ချီလိတ်တောင်ရဲ့ မြောက်ဘက်တောင်စောင်းတွေမှာ အဖြိုက်နက်သတ္တု တူးဖော်ရေးလုပ်ငန်းတွေကို စတင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

လွယ်ချီလိတ်တောင် (Loi Khi Lek) ဟာ မိုင်းတုံမြို့နယ်မှာ အမြင့်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁,၉၇၀ မီတာ ရှိပါတယ်။ ရှမ်းဘာသာစကားဖြင့် “ချီလိတ်” (Khi Lek) ဆိုသည်မှာ “သတ္တုချေး ” ဟု အဓိပ္ပာယ်ရပါတယ်။

မိုင်းကျွတ်ကျေးရွာအုပ်စုမှာ တည်ရှိပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ထုတ်လုပ်ခဲ့တဲ့ အဲဒီ တရုတ်အကြီးစား အဖြိုက်နက်သတ္တုတွင်းအသစ်ဟာ သတ္တုတွင်းရဲ့ အောက်ဘက်ဒေသမှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေရဲ့ ကျန်းမာရေးနဲ့ စိုက်ပျိုးရေး ၊အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအပေါ် စတင်သက်ရောက်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။

လွယ်ချီလိတ်တောင်တန်း

အဖြိုက်နက်ပါဝင်တဲ့ တူးဖော်ရရှိတဲ့ မြေစာခဲတွေကို လုပ်ငန်းခွင်အတွင်းမှာပဲ ကြိတ်ခွဲမှုတွေ ပြုလုပ်ပြီး အမှုန့်တွေအဖြစ် ဓာတုဗေဒနည်း နဲ့ သန့်စင်ခွဲထုတ်ပါတယ်။ အဲဒီနောက် အမှုန့်တွေကို ဆာလာအိတ်ထဲထည့်ပြီး ကုန်တင်ကားများဖြင့် တရုတ်နိုင်ငံသို့ သယ်ဆောင်ကြပါတယ်။

အဆိုပါ သတ္တုတွေကို အမိုးအကာပါသော ၁၂ ဘီးတပ် ကုန်တင်ကားတွေနဲ့ ပုံမှန်အားဖြင့် တစ်ကြိမ်ကို ၅ စီးခန့်ပါဝင်တဲ့ ယာဉ်တန်းများဖြင့် မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ တာချီလိတ်နဲ့ မိုင်းဖြတ်တို့ကို ဖြတ်သန်းကာ မိုင်းလားရှိ တရုတ်နယ်စပ်သို့ သယ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

အဓိကတူးဖော်နေတဲ့ သတ္တုမှာ အဖြိုက်နက် ဖြစ်သော်လည်း၊ အဲဒီ လုပ်ငန်းခွင် နေရာမှာ ရွှေနဲ့ ခဲသတ္တုသိုက်တွေကိုလည်း ရှာဖွေတွေ့ရှိထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတ္တုတွင်းဟာ မိုင်းကျွတ်ရွာရဲ့ အရှေ့မြောက်ဘက် ၆ ကီလိုမီတာအကွာ၊ လွယ်ချီလိတ် တောင်တန်းရဲ့ တောင်ဘက်အစွန်းမှာ တည်ရှိပြီး သတ္တုတွင်းနဲ့ အနီးဆုံးရွာမှာ ဝမ်ဝရွာဖြစ်ကာ သတ္တုတွင်းနယ်မြေရဲ့ အောက်ခြေဘက်အစွန်းမှ ၁ ကီလိုမီတာခန့်အကွာ ဖတ်ကွတ် ပေါ်မှာ တည်ရှိတာကြောင့် သတ္တုတွင်းမှ စီးဆင်းလာတဲ့ စွန့်ပစ်ရေတွေရဲ့ သက်ရောက်မှုကို တိုက်ရိုက် ခံရလျက်ရှိပါတယ်။

၂၀၂၅ ခုနှစ်ကတည်းက ဝမ်ဝရွာမှာ နေထိုင်တဲ့ ကလေးငယ်တွေဟာ ဖတ်ဂွတ်ချောင်းရေနဲ့ ထိတွေ့မှုကြောင့် အရေပြား ကူးစက်ရောဂါတွေ ခံစားနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

၂၀၂၅ ခုနှစ် မိုးရာသီအကုန်မှာ သတ္တုတွင်းမှ စီးဆင်းလာတဲ့ စွန့်ပစ်ရေတွေထဲမှ သဲနုန်းအနည်အနှစ်တွေဟာ မိုင်းကျွတ်ရွာအနီးရှိ ဖတ်ဂွတ်ချောင်း အောက်ခြေတစ်လျှောက်ရှိ စပါးစိုက်ခင်းတွေထဲသို့ လျှံတက်ဖုံးလွှမ်းသွားခဲ့တာကြောင့် ၎င်းစိုက်ခင်းတွေဟာ စိုက်ပျိုး၍ မရတော့ဘဲ ပျက်စီးသွားခဲ့ရပါတယ်။

အလားတူ သတ္တုတွင်းရှိ ရေလှောင်တမံ တည်ဆောက်ပြီးစီးသွားပြီးနောက် ဖတ်ဂွတ်ချောင်းမှ ရေတွေကို ဆည်ထဲသို့ လွှဲပြောင်းဖြည့်တင်းခဲ့သဖြင့် ဆည်ရဲ့အောက်ဘက်ရှိ ချောင်းရေတွေ ခန်းခြောက်သွားခဲ့ကာ လူသုံးကုန်နဲ့ စိုက်ပျိုးရေး လိုအပ်ချက်တွေအတွက် အဲဒီ ရေအရင်းအမြစ်ကို မှီခိုနေရသော ရွာသူရွာသားတွေကို ထိခိုက်စေခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ရုရှားနိုင်ငံသား ၁၀ ဦးခန့်ဟာ မိုင်းတုံမြို့နယ် မြန်မာစစ်တပ် ဗျူဟာမှူးနဲ့အတူ လွယ်ချီလိတ်ဒေသသို့ ထပ်မံလာရောက်ခဲ့ပြီး မြေတိုင်းတာမှုတွေ ပြုလုပ်နေတာကို မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

အနီးနားရှိ ကျေးရွာတွေမှ ဒေသခံခေါင်းဆောင် အချို့ကိုလည်း လာရောက်တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပြီး၊ အဆိုပါ ဒေသမှာ အဖြိုက်နက် တူးဖော်ဖို့ စစ်တပ်က ရုရှားနိုင်ငံသားတွေကို ခွင့်ပြုမိန့်ချပေးထားပြီး ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

အဲဒီနောက်မကြာမီ၊ ဟွေအော (UWSA တောင်ပိုင်းဌာနချုပ်) မှ ဒေသခံ UWSA အုပ်ချုပ်ရေးမှူးတစ်ဦးက ဒေသခံရွာသူရွာသားတွေအနေဖြင့် ရုရှားရဲ့ သတ္တုတူးဖော်ရေး စီမံကိန်းကို ကန့်ကွက်ဆန့်ကျင်သင့်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ လက်ရှိ ခဲမဖြူသတ္တုတွင်းရဲ့ မြောက်ဘက် ၁၅ ကီလိုမီတာခန့် အကွာမှာ ရုရှားနိုင်ငံသားတွေဟာ ခနောက်စိမ်း (Antimony) တူးဖော်ခွင့် ရရှိထားကြောင်း အခုစီမံကိန်းတွေဟာ ရှမ်းပြည်အရှေ့ပိုင်းမှာ လူသိရှင်ကြား ဖြစ်လာမယ့် ပထမဆုံးသော ရုရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။

မိုင်းကျွတ်ဒေသဟာ မူလက ရှမ်း၊ လီဆူနဲ့ လားဟူ အိမ်ခြေ ၅၀ ခန့်သာရှိပြီး အများစုက တောင်သူတွေဖြစ်ကာ စပါး၊ နှမ်းနဲ့ ကြက်သွန်ဖြူ စိုက်ပျိုးကြတဲ့ ရွာငယ်လေးတစ်ရွာ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ မိုင်းကျွတ်ဒေသကို မိုင်းတိုင်းတပ်မတော် (MTA)ထံမှ သိမ်းပိုက်ခဲ့ပြီး UWSA ကို အဲဒီ နေရာမှာ အခြေစိုက်စခန်းတွေ ဆောက်လုပ်ခွင့် ပြုခဲ့ပါတယ်။

၁၉၉၉ မှ ၂၀၀၁ ခုနှစ်အတွင်း (UWSA မြောက်ပိုင်းဒေသမှ ရွှေ့ပြောင်းအခြေချလာသူ စုစုပေါင်း ၁၂၆,၀၀၀ ကျော်အနက်) ဝဒေသခံ ရွာသား ၁၄,၀၀၀ ကျော်ကို မိုင်းကျွတ်အပါအဝင် မိုင်းတုံတောင်ပိုင်းဒေသသို့ ပြောင်းရွှေ့ပေးခဲ့ပါတယ်။

အဲဒီနောက် မိုင်းကျွတ်ရွာကို ဝန်းရံထားသည့် တောင်စောင်းမြေကွက် အများအပြားကို ရာဘာစိုက်ခင်းတွေအတွက် ရှင်းလင်းခုတ်ထွင်ခဲ့ကြပြီး မူလမိုင်းကျွတ်ရွာသား အများစုမှာမူ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

မိုင်းကျွတ်ကျေးရွာဟာ UWSA နဲ့ မြန်မာစစ်တပ်တို့ရဲ့ ပူးတွဲထိန်းချုပ်မှုအောက်မှာရှိပြီး UWSA ရဲ့ ၁၇၁ တောင်ပိုင်းစစ်ဒေသအောက်ရှိ တပ်မဟာ ၅ ခုအနက် တစ်ခုဖြစ်တဲ့ တပ်မဟာ (၇၇၂) ဟာ မိုင်းကျွတ်မှာ အခြေစိုက်ပြီး အဲဒီနေရာမှာ အကြီးစား စစ်သင်တန်းကျောင်း တစ်ခုကို ဖွင့်လှစ်ထားပါတယ်။

အလားတူ မြန်မာစစ်တပ် စခန်းတွေဟာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တစခ) လက်အောက်ခံ ခလရ/ခမရ တပ်ရင်း (များ) ရဲ့ လက်အောက်မှာ တည်ရှိပါတယ်။

related posts

Leave a Comment