အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့ ဒီနေ့ မေလ ၄ ရက် မနက်ပိုင်းက နေပြည်တော်မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ၊ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) စဝ်စိုင်းကမ်၊ ဗဟိုကော်မတီဝင် စဝ်ဆေကောင်းဆိုင်၊ တွဲဖက်အတွင်းရေးမှူး စဝ်ဆေဝမ်းဖှ၊ အလှည့်ကျ ဗဟိုကော်မတီဝင် စဝ်စိုင်းလင်းအောင်၊ ဗဟိုအကြံပေး စဝ်ဆေအိုက်စိုင်းဟန်တို့ပါဝင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ဟာ ဒေသတည်ငြိမ်ရေးကိစ္စရပ်တွေကို တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ဒေသနေပြည်သူလူထုတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်နေတယ်လို့ သိရကြောင်း ပြောပါတယ်။
ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့အနေဖြင့် နိုင်ငံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် လုပ်ဆောင်မည်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို နှစ်ဖက်ညှိနှိုင်းပြီး လိုအပ်တဲ့ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်က အစိုးရသစ်ကာလ ရက် ၁၀၀ စီမံကိန်းမှာ ပါဝင်ဆွေးနွေးခွင့်ရတဲ့အတွက် ဝမ်းသာပါကြောင်း ပြောပါတယ်။ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ဆက်လက်၍ နယ်မြေဖွံ့ဖြိုးရေးအတွက်လည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီနောက် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) တိုင်းရင်းသားတွေ နေထိုင်မှုနဲ့ ဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရရှိလိုမှု၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ လိုအပ်ချက်တွေ၊ နိုင်ငံတော်အစိုးရနဲ့အတူလက်တွဲပြီး ပြည်ထောင်စု အဝန်းအဝိုင်းအတွင်း အေးအတူပူအမျှနေထိုင်ရေး၊ တိုက်ပွဲရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေးနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေကို အပြန်အလှန်ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA)
ဆက်လက်ပြီး ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) လူမျိုးတွေရဲ့ သမိုင်းကြောင်းအရ ပျံ့နှံ့နေထိုင်မှု၊ မှတ်ပုံတင်အရ လူမျိုးအမည် အသုံးအနှုန်း၊ ဒေသအသိအမှတ်ပြုလိုမှုနဲ့ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့ တင်ပြဆောင်ရွက်နိုင်မယ့်အခြေအနေတွေကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌ(၁) စဝ်ဆေစိုင်းကမ်မှ ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းတွေ ပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း ဆိုပါတယ်။
ရှမ်းနီလူမျိုးတွေဟာ မြန်မာပြည် အထက်ပိုင်း ဟုမ္မလင်း၊ သောင်သွပ်၊ ခန္တီး၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ နဲ့ ဖားကန့် စတဲ့ဒေသတွေမှာ ကျယ်ပြန့်စွာ နေထိုင်ကြပါတယ်။
အဆိုပါ ဒေသတွေကို စုစည်းပြီး ရှမ်းနီပြည်နယ် သို့မဟုတ် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းနိုင်ဖို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ရှမ်းနီနိုင်ငံရေးပါတီတွေ နဲ့ ရှမ်းနီပြည်သူလူထုတို့က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။