စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ခန္တီးမြို့နယ်အတွင်းက ဒေသခံ လူငယ် ၇၀ နီးပါးကို နာဂလက်နက်ကိုင်အဖွဲ့ အရှေ့နာဂအမျိုးသား အဖွဲ့အစည်း/ အရှေ့နာဂ အမျိုးသား ကာကွယ်ရေးတပ်မတော် (ENNO/ENDA) က ဖမ်းဆီးသွားတာဟာ ၁ လကျော်ကြာလာတဲ့အထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ခန္တီးမြို့နယ်အတွင်းရှိ မှန်ပင်ကျေးရွာ၊ ကောင်းမှုရွာ၊ အောက်ဖောင်ဆိုင်ရွာ၊ ကောင်းဟိန်ရွာ စတဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှ ရှမ်းနီ၊ နာဂ နဲ့ ဗမာ တိုင်းရင်းသား အများအပြားကို ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
နာဂလူငယ်မောင်မယ်တွေ၊ ပညာတတ်လူငယ်တွေ၊ ၎င်းအပြင် မြန်မာနိုင်ငံ ဘယ်နေရာတွင်မဆို နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေပါ မိမိတို့အရှေ့နာဂ လွတ်မြောက်ရေးမှာ အင်တိုက်အားတိုက်ပါဝင်စေလိုတာကြောင့် အခုလို လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီး၍ တပ်သားသစ် စုဆောင်းခြင်းဖြစ်တယ်လို့ ဩဂုတ် ၂ ရက်နေ့မှာ ENNO/ENDA ထုတ်ပြန်ခဲ့ပါတယ်။