Home » နာဂအဖွဲ့ဖမ်းသွားတဲ့ ခန္တီးက လူငယ်တွေ ၁ လကျော်တဲ့အထိ ပြန်မလွှတ်သေး

နာဂအဖွဲ့ဖမ်းသွားတဲ့ ခန္တီးက လူငယ်တွေ ၁ လကျော်တဲ့အထိ ပြန်မလွှတ်သေး

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ခန္တီးမြို့နယ်အတွင်းက ဒေသခံ လူငယ် ၇၀ နီးပါးကို နာဂလက်နက်ကိုင်အဖွဲ့ အရှေ့နာဂအမျိုးသား အဖွဲ့အစည်း/ အရှေ့နာဂ အမျိုးသား ကာကွယ်ရေးတပ်မတော် (ENNO/ENDA) က ဖမ်းဆီးသွားတာဟာ ၁ လကျော်ကြာလာတဲ့အထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ခန္တီးမြို့နယ်အတွင်းရှိ မှန်ပင်ကျေးရွာ၊ ကောင်းမှုရွာ၊ အောက်ဖောင်ဆိုင်ရွာ၊ ကောင်းဟိန်ရွာ စတဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှ ရှမ်းနီ၊ နာဂ နဲ့ ဗမာ တိုင်းရင်းသား အများအပြားကို ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

နာဂလူငယ်မောင်မယ်တွေ၊ ပညာတတ်လူငယ်တွေ၊ ၎င်းအပြင် မြန်မာနိုင်ငံ ဘယ်နေရာတွင်မဆို နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေပါ မိမိတို့အရှေ့နာဂ လွတ်မြောက်ရေးမှာ အင်တိုက်အားတိုက်ပါဝင်စေလိုတာကြောင့် အခုလို လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီး၍ တပ်သားသစ် စုဆောင်းခြင်းဖြစ်တယ်လို့ ဩဂုတ် ၂ ရက်နေ့မှာ ENNO/ENDA ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဖမ်းဆီးသွားတဲ့ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ်တွေကို ENNO/ENDA အနေနဲ့ စိစစ်ဆောင်ရွက်သွားမှာဖြစ်ပြီး လွတ်သင့်လွတ်ထိုက်သူတွေကို ပြန်လည်လွှတ်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သို့သော်လည်း လက်ရှိအချိန်ထိ ၎င်းတို့ အတင်းအဓမ္မ ကြိုးတုပ်ဖမ်းဆီးသွားတဲ့သူတွေကို ၁ လကျော်ကြာလာတဲ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ENNO/ENDA ရဲ့ မတရား တပ်သားသစ်စုဆောင်းခြင်းကိုတော့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၊ ရှမ်းနီနိုင်ငံရေးပါတီ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွေကလည်း ပြန်လွှတ်ပေးဖို့ ပြောကြားထားပါတယ်။

ENNO/ENDA အဖွဲ့ကိုတော့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က လက်နက်တပ်ဆင်ပေးထားပြီး လိုင်ဇာမှာ ဆက်ဆံရေးရုံးဖွင့်လှစ်ထားရှိကာ KIA နဲ့ ပူးပေါင်း၍ စစ်ရေး လှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ခန္တီးမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်အတွင်းမှာတော့ SNA၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ENNO/ENDA အဖွဲ့တွေလည်း လှုပ်ရှားကြတယ်လို့ သိရပါတယ်။

related posts

Leave a Comment