တအာင်းပြည်ပညာရေးအကယ်ဒမီ (TEA) ကို မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပညာရေးအင်စတီကျူးရှင်းတစ်ရပ် ဖြစ်လာစေဖို့ တည်ဆောက်သွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့က နမ့်ဆန်မြို့နယ်မှာ TEA မှ ဦးစီးဖွင့်လှစ်တဲ့ ဆရာအတတ်ပညာဒီပလိုမာသင်တန်း (Diploma in Teacher Education – DTED) အပတ်စဉ် (၄) ဖွင့်လှစ်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ် တားဘုန်းကျော်က “TEA ကို မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပညာရေးအင်စတီကျူးရှင်းတစ်ရပ် ဖြစ်လာစေဖို့ တည်ဆောက်သွားမှာဖြစ်ကြောင်း၊ ပညာရေးကဏ္ဍမှတစ်ဆင့် လွတ်လပ်ပြီး ပွင့်လင်းတဲ့ ဒီမိုကရက်တစ်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေဖို့ ဖော်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ဒါဟာ ပညာရေးဆိုင်ရာ ရည်မှန်းချက်ဖြစ်တာကြောင့် မျှော်မှန်းထားတဲ့အတိုင်း အကောင်အထည်ဖော်တည်ဆောက်သွားမယ်” လို့ ပြောပါတယ်။
TEA မှ ဦးစီးဖွင့်လှစ်တဲ့ ဆရာအတတ်ပညာဒီပလိုမာသင်တန်းကို ကျောင်းသား/သူ (၉၀) ဦး တက်ရောက်သင်ကြားမှာဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ကြာမြင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။