မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအုပ်စု ပြွန်သုံးလုံးကျေးရွာရှိ လုပ်ငန်းရှင်တွေကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ဆက်ကြေးပေးဆောင်ဖို့ မေလ ၃၀ ရက်နေ့ ရက်စွဲ နဲ့ စာပို့အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအကြောင်းကြားဆင့်ခေါ်စာကို ဆောင်းခါအုပ်ချုပ်ရေးမှူးကိုယ်တိုင်လာရောက် ပို့ဆောင်တာဖြစ်ပြီး ဇွန်လ ၁ ရက် မနက် ၁၀ နာရီမှာ ဆောင်းခါတိုက်နယ်၊ တိုက်နယ်အုပ်ချုပ်ရေးရုံးသို့ မပျက်မကွက် လာရောက်တွေ့ဆုံဖို့ ရေးသားဖော်ပြထားပါတယ်။
ဒေသခံတစ်ဦးက “ဒီဆင့်ခေါ်စာက သူတို့ ဆက်ကြေးကောက်ဖို့ခေါ်တာ၊ ရွာထဲက ဆန်စက်၊ ဆီစက်၊ ထွန်စက်၊ ရိတ်ခြွေစက်၊ စပါးတိုက်တဲ့ ထော်လာဂျီ အသေးအကြီး အကုန်လုံးကို ဆက်ကြေးကောက်နေတာ၊ လယ်သမားတွေက စိုက်ပျိုးစရိတ်က တနှစ်ထက်တနှစ် ကုန်ကျစရိတ်က ပိုများလာတယ်၊ ပိုကျပ်တည်းလာကြတော့ မပေးချင်ကြတော့ဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ထွန်စက်၊ ရိတ်ခြွေစက်၊ ဆီဆိုင်၊ ဆန်စက်၊ ဆီစက် စတာတွေကို ၁၀ သိန်းကျပ်စီ ကောက်ခံတာဖြစ်ပြီး လုပ်ငန်းအမျိုးအစားအလိုက် အမျိုးမျိုး ကောက်ခံနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက” KIA က ငြိမ်းချမ်းရေးယူစဥ်ကာလမှာလဲ ဆက်ကြေးက ကောက်နေတာ၊ ပြည်သူတွေက အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာတွေ၊ ကိုယ့်လုပ်ငန်းပျက်စီးဆုံးရှုံးမှာစိုးလို့ ကြောက်လို့သာ ပေးဆောင်နေကြရတာ” လို့ပြောပါတယ်။